Wednesday, April 16, 2014

ပျောက်ဆုံး မလေးလေယာဉ် ရှာဖွေရန် အမေရိ ကန် ရေတပ် သုံး ရေအောက် မောင်းသူမဲ့ယာဉ် အသုံးပြုမည်

By ဒီဗွီဘီ


အမေရိကန်ရေတပ်သုံး ရေအောက်သွား မောင်းသူမဲ့ယာဉ်

အမေရိကန် ရေတပ်သုံး ရေအောက်သွား မောင်းသူမဲ့ ယာဉ်တစီးကို အိန္ဒိယ သမုဒ္ဒရာ ကြမ်းပြင်မှာ နစ်မြှုပ် နေတယ်လို့ ယုံကြည်တဲ့ ပျောက်ဆုံး လေယာဉ်ကို ရှာဖွေရေး အတွက် ထိထိ ရောက်ရောက် အသုံးချဖို့ စီစဉ်နေပါတယ်။

ဒီယာဉ်ဟာ ၆၀၀ စတုရန်း ကီလိုမီတာ အကျယ်ဒေသကို ရှာဖို့ အချိန် ၂ လလောက် ယူရနိုင်တယ်လို့ အာဏာပိုင်တွေက ဧပြီ ၁၅ ရက်နေ့က ပြောပါတယ်။

ဧပြီ ၁၄ ရက်နေ့ကတော့ ဘလူးဖင်း တွမ်တိဝမ်း ရေအောက်သွားယာဉ်ဟာ သူရေငုပ်နိုင်စွမ်း ရေအနက် ၄ ဒသာမ ၅ ကီလိုမီတာကို ကျော်လွန်ခဲ့လို့ ဘေးကင်းရေး စနစ်အရ အလိုအလျောက် ရေပေါ် ပြန်တက်ခဲ့တာပါ။

မတ် ၈ ရက်နေ့က လူ ၂၃၉ ယောက်ကို တင်ဆောင်ပျံသန်းရင်း ပျောက်ဆုံးနေတဲ့ လေယာဉ်ကို ရှာဖွေရေးအတွက် ပင်လယ်အောက်သွား မောင်းသူမဲ့ယာဉ်ကို အသစ် မိတ်ဆက်တာလည်း ဖြစ်ပါတယ်။

ဘလူးဖင်းတွမ်တိဝမ်း မောင်းသူမဲ့ယာဉ်က ရေအောက်မှာ ၆ နာရီကြာ စုဆောင်းခဲ့တဲ့ သတင်းအချက်အလက်တွေကို သုံးသပ်စစ်ဆေးအပြီးမှာ စိတ်ဝင်စားစရာ ဘာမှ ရှာမတွေ့ဘူးလို့ အရာရှိတွေက ပြောပါတယ်။

ဧပြီ ၁၅ ရက်နေ့ မွန်းလွဲပိုင်းမှာ ဒီမောင်းသူမဲ့ယာဉ်ဟာ ဒုတိယအကြိမ် ရှာဖွေရေး လုပ်ငန်းကို စတင်လုပ်ဆောင်မယ်လို့ မျှော်လင့်ထားပါတယ်။

ဒီစက်ရုပ်ယာဉ်ဟာ မနှစ်က ဂျပန်ကမ်းလွန်မှာ ပျက်ကျခဲ့တဲ့ အဲ့ဖ်ဖစ်ဖတင်း တိုက်လေယာဉ်ကို အောင်အောင်မြင်မြင် ရှာဖွေနိုင်ခဲ့ဖူးပါတယ်။

ဒီယာဉ်ဟာ ပင်လယ်ကြမ်းပြင်မှာ ၁၆ နာရီကြာ နေနိုင်စွမ်းရှိပြီး အပျက်အစီး ဖြစ်နိုင်ချေတွေကို ရှာတွေ့ခဲ့ရင် အလင်းရောင် အင်မတန်နည်းတဲ့ ရေအောက် အခြေအနေမှာတောင် ဓာတ်ပုံတွေကို ပြန်ပို့နိုင်စွမ်း ရှိပါတယ်။




No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)