Saturday, April 26, 2014

လက်နက်ငယ်များနှင့်အတူ တမူးမြို့၌ တရုတ်နိုင်ငံသား ၈ ဦးအား ဖမ်းဆီးရမိ


နေပြည်တော် ဧပြီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် တမူးမြို့၌ ဧပြီ ၂၅ ရက်ညနေပိုင်းက တရုတ်နိုင်ငံသား ၈ ဦးအား မော်တော်ယာဉ် တစ်စီး၊ လက်နက်ငယ် ၈ လက်၊ ကျည်ဆံများ၊ လက်ပစ်ဗုံးများ၊ ဆက်သွယ်ရေး စကားပြောစက်များ၊ မြန်မာနိုင်ငံမြေပုံ တစ်ချပ်၊ တယ်လီဖုန်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရှိရသည်။

ဧပြီ ၂၅ ရက် ညနေ ၄ နာရီ မိနစ် ၂ဝ ခန့် တွင် တမူးမြို့အဝင် ၃ မိုင် စစ်ဆေးရေးဂိတ်သို့ ကလေးဘက်မှ ကားတစ်စီးမီးထိုးမောင်းနှင်လာသဖြင့် စစ်ဆေးရေးဂိတ်ရှိ လုံခြုံရေးအဖွဲ့က စစ်ဆေးတားဆီးရာ ရပ်တန့် ပေးခြင်းမရှိ ဘဲ တမူးမြို့အတွင်း မောင်းပြေးသဖြင့် ကားနောက်သို့ လိုက်လံဖမ်းဆီးခဲ့သည်။

အဆိုပါ မော်တော်ယာဉ်သည် မြို့အတွင်းမှ ဝင်ရောက်လာသည့် လမ်းကြောင်း အတိုင်း ပြန်လှည့်မောင်းနှင်ခဲ့ရာ ညနေ ၄ နာရီ ၃၅ မိနစ်တွင် မြို့အဝင် ၃ မိုင်ဂိတ်၌ ပိတ်ဆို့ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသော ကားမှာ တိုယိုတာ အမျိုးအစား Double Cab ဖြစ်ပြီး ယာဉ်ပေါ်တွင် တရုတ်လူမျိုး ၈ ဦး စီးနင်းလိုက်ပါလာကာ ၎င်းတို့နှင့်အတူ လက်နက်ငယ် ၈ လက်၊ လက်နက် ငယ်ကျည် ၁၈၆ဝ၊ လက်ပစ်ဗုံး ၃၁ လုံး၊ ဆက်သွယ်ရေးစကားပြောစက် ၅ လုံး၊ တရုတ်စာဖြင့် ရေးသားထားသော မြန်မာနိုင်ငံ မြေပုံ တစ်ချပ်၊ စစ်သုံး ဓားမြှောင် ၃ ချောင်း၊ လက်ကိုင်ဖုန်း ၄ လုံး၊ စစ်သုံးချပ်ဝတ် တန်ဆာ ၈ စုံ၊ အဝေးကြည့် မှန်ပြောင်းတစ်လက်တို့ကို သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိသည့် တရုတ်လူမျိုး ၈ ဦးမှာ စီချွန်ပြည်နယ်နေ ကျန်းကျိန် (၁၇) နှစ်၊ ကျန်းယိန် (၁၇)နှစ်၊ ရန်ရှော်ဟုန် (၁၉) နှစ်၊ ကွမ်စီပြည်နယ်နေ ဖန်းစင်းချိန် ( ၂၁) နှစ်၊ ဟိုပေပြည်နယ်နေ လျှိုလျန် (၂၁) နှစ်၊ ကွေကျိုးပြည်နယ်နေ လျှိုယယ်ချန်း (၁၉) နှစ်၊ အန်းဝှီးပြည်နယ်နေ ဟန်လုလု ( ၂၅) နှစ် နှင့် လီထယ် (၂၂) နှစ်တို့ ဖြစ်ကြသည်။

၎င်းတို့အနက် ကားမောင်းသူ ဟန်လုလုအား စကားပြန်ဖြင့် ပဏာမ စစ်ဆေးမေးမြန်း ချက်အရ ၎င်းတို့အဖွဲ့သည် ကိုးကန့်နယ်မြေ တန့်ယန်းအထက် ဖက်ရှိ မိုင်းကြက်ရွာတွင် စစ်သင်တန်း တက်ရောက် နေရာမှ တပ်စုမှူးဖြစ်သူ ဝူကြာဖူ ဆိုသူအား သတ်ပြီး စခန်းအတွင်းရှိ သော့တန်းလန်းဖြင့် တွေ့ရှိသောကား ကို တက်မောင်းယူလာခြင်းဖြစ်ကြောင်း သိရှိရသည်။

၎င်းတို့၏ ရည်ရွယ်ချက်နှင့် ဖြစ်စဉ် အမှန်ပေါ်ပေါက်စေရေးအတွက် ဆက်လက်စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

MOI Webportal Myanmar


No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)