RFA Burmese
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ပုဒ်မတော်တော်များများ ဟာ တပ်မတော်ကို အကာအကွယ်ပေးထားတဲ့ ပုဒ်မတွေဖြစ်တာကြောင့် ဖွဲ့စည်းပုံပါ ပုဒ်မ ၃ ခုကို ပြင်ဆင်ပေးဖို့ ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ ရာနဲ့ချီတဲ့ ဒေသခံတွေ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
ဖွဲ့စည်းပုံပါ ပုဒ်မ ၁ဝဝ ကျော်လောက်ဟာ တပ်မတော်ကိုသာ ဦးစားပေးထား ပြီး အများပြည်သူတွေအတွက် ပုဒ်မတွေက အသက်မဝင်သလို ဖြစ်နေ တာကြောင့် ပြင်ဆင်ပေးဖို့ ဆန္ဒပြတောင်းဆိုတာဖြစ်ကြောင်း ဒီနေ့ ဆန္ဒပြပွဲ မှာပါဝင်သူ ကိုမျိုးသူထွဋ်က ပြောပါတယ်။
"ပုဒ်မ ၄ဝဝ ကျော်မှာ ၃ဝဝ ကျော်လောက်က လူတစ်စု ကောင်းစားရေး အတွက်ပဲ ရေးဆွဲထားတာ စစ်တပ်ကိုပဲ ကာဘာပေးထားတာ ပြည်သူ အတွက်ရေးဆွဲထားတာက ၁ဝဝ ကျော်လောက်ပဲရှိတယ်၊ ဒါနဲ့အဲ့ ၁ဝဝ က အသက်မဝင်ဘူး၊မြန်မာနိုင်ငံမှာကျနော်တို့ရဲ့ အမျိုးသားရေးလှုပ်ရှားမှုတိုင်းမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍတိုင်းမှာ တပ်မတော်ကနေပြီးတော့ အစဉ် တစိုက်ဦးဆောင်မယ်ဆိုတော့ ပုဒ်မ ၆(စ)ကိုလည်း ကျနော်ပြင်ချင်တယ် ၄၃၆ ညကိုလည်း ကျနော်ပြင်ချင်တယ် ၅၉(ဃ)နဲ့(စ)ကိုလည်း ကျနော်ပြင်ချင်တယ် ၊အဲ့ဒါကြောင့် ဆန္ဒထုတ်ဖော်တာပါ"
ဆန္ဒပြသူတွေက သူတို့ တောင်းဆိုချက်တွေကို လာမယ့်လွှတ်တော် အစည်းအဝေးတွေမှာ တင်ပြပေးဖို့ ပြည်မြို့က လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ရုံး ရှေ့မှာလည်း ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

No comments:
Post a Comment