Monday, May 19, 2014

လက်ပံတောင်းတောင်ဒေသ ကျေးရွာတွေကို ရဲက ဝင်ရောက်ပစ်ခတ်



RFA Burmese

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖော်ဆောင်နေတဲ့ တရုတ်ဝမ်ဘောင်ကုမ္ပဏီက တရုတ်လူမျိုးနှစ်ဦးကို ဒေသခံရွာသားတွေက မနေ့မနက်ပိုင်းမှာ ဖမ်းဆီးခဲ့ပြီးနောက် ဒေသခံကျေးရွာလူထုနဲ့ အာဏာပိုင်တွေအကြား ပဋိပက္ခတွေ ထပ်မံဖြစ်ပွားခဲ့ပါတယ်။
မနေ့ညနက်ပိုင်းမှာ ဇီးတောကျေးရွာ ဘုန်းတော်ကြီးကျောင်းကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ပါတယ်။

အဲဒီနောက် ညသန်းကောင်ယံကျော် ဒီကနေ့မနက် ၁ နာရီခွဲခန့်မှာ ကျောက်ဖြူတိုင်ရွာလူထုကို လုံခြုံရေးတပ်ဖွဲတွေက ရာဘာကျည်ဆံနဲ့ရော ကျည်ဆံအစစ်တွေနဲ့ပါ ပစ်ခတ်တယ်လို့ ဇီးတော စမ်းမြဝတီကျောင်းတိုက်ဆရာတော် အရှင်အာလောကက မိန့်ကြားပါတယ်။

"မနေ့ည ၁ နာရီခွဲလောက်က သူတို့နောက်ဆုတ်သွားတယ်၊ ကျောင်းထိုင်ရွာထဲကို ရောက်တဲ့အချိန်ခါမှာ ဒီဘက်ကလူထုကလည်း လိုက်တယ်ပေါ့နော်၊ လိုက်တဲ့အခါမှာ သူတို့က ရာဘာကျည်ဆံနဲ့ ကိုးချက်၊ ဆယ်ချက်လောက်ပစ်တယ်၊ ကျည်ဆံအစစ်နဲ့ ခြောက်ချက်ပစ်တယ်ခင်ဗျ၊ ဒါတောင်အထက်ကိုပစ်တာ မဟုတ်ဘူး၊ အတည့်ကိုပစ်တာပေါ့နော်၊ လူထုကဝပ်တယ်ပေါ့နော်၊ ဝပ်လို့မမှန်ဘဲဖြစ်တယ်၊ ဦးဇင်းတို့က လောလောဆယ်တော့ ဒဏ်ရာရတာမရှိသေးဘူးပေါ့၊ သူတို့ဘက်ကတော့ မသိရဘူးဗျ၊ ရွာသားတွေကတော့ ဘာမှလက်နက်ဆိုတာ ရှိတာမဟုတ်ဘူး၊ လေးခွပဲရှိတာ၊ ကိုယ့်ဆီကိုလာရောက်ပြီးတော့ နိုင်ထက်စီးနင်း မင်းမဲ့တိုင်းပြည်ဆန်ဆန် လာရောက်စီးနင်းတဲ့အခါသမယမှာ ရွာသားတွေကတော့ လေးခွနဲ့တုန့်ပြန်ကြတယ်ပေါ့"

လက်ပံတောင်အရေးလှုပ်ရှားတဲ့ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုအောင်စိုးကို တနင်္ဂနွေနေ့မနက်ပိုင်းက ဖမ်းဆီးသွားပြီးနောက် ဒေသခံရွာသားတွေက ဆည်တဲရွာဟောင်း အရှေ့မြောက်ဘက်မှာ ဝမ်ဘောင်ကုမ္ပဏီက တရုတ်နိုင်ငံနိုင်ငံသား နှစ်ဦးနဲ့ မြန်မာယာဉ်မောင်းတစ်ဦးကို မနေ့မနက် ၁၁ နာရီလောက်က ဖမ်းဆီးခေါ်ဆောင်သွားတာပါ။ လျော်ကြေးငွေမယူတဲ့မြေနေရာမှာ ခြံစည်းရိုးလာခပ်ချိန်မှာ ခေါ်ဆောင်သွားတာဖြစ်ပြီး ဆည်တဲရွာမှာ သူတို့ကို ကောင်းကောင်းမွန်မွန်ထားတယ်လို့ ရွာသားတွေက ပြောပါတယ်။ ညနေ ၆နာရီ မိနစ် ၂၀ မှာ ယာဉ်မောင်း ကိုခင်အောင်မိုး ပြန်လွတ်လာတယ်လို့ တရုတ်ဝမ်ဘောင်ကုမ္ပဏီရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ရွာသားတွေက ကိုအောင်စိုးနဲ့ လက်ပံတောင်းတောင်အရေး လှုပ်ရှားမှုအတွက် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့၊ ကာရံထားတဲ့တံတိုင်းတွေ ဖယ်ရှားပစ်ဖို့နဲ့ မြေယာလျော်ကြေးမယူတဲ့နေရာမှာ စည်းရိုးမကာဖို့ စတဲ့အချက်တွေကို တောင်းဆိုပါတယ်။ ဖမ်းဆီးထားသူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ ဝမ်ဘောင်ကုမ္ပဏီက မနေ့ကပဲ မေတ္တာရပ်ခံစာတစောင် ထုတ်ပြန်ပါတယ်။ မုံရွာခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးတို့ ဆည်တဲရွာသားတွေနဲ့ မနေ့ညနေက လာရောက်ဆွေးနွေးညှိနှိုင်းချိန်မှာ ရွာသားတွေခေါ်ထားတဲ့ တရုတ်တွေနဲ့လည်းတွေ့သွားပြီး ညဘက်မှာ မဖြိုခွဲဘူးလို့ တာဝန်ခံသွားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ညနေမှောင်ရီပျိုးချိန်မှာ လုံထိန်းတွေ စတင်ရောက်လာပြီး ညဘက်မှာ ပစ်ခတ်မှု ဖြစ်ပွားတာပါ။

လက်ပံတောင်းတောင်စီမံကိန်းအတွက် ခရိုင်မှူးဦးစီးပြီး စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေက လုံထိန်းတွေကို အသင့်ခေါ်ထားခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အခုပစ်ခတ်မှုနဲ့ ပတ်သက်ပြီး အစိုးရအာဏာပိုင်တွေဖက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)