Wednesday, December 3, 2014

KNU အဓွန့်ရှည်ပါစေ

KNU အဓွန့်ရှည်ပါစေ
================
မိန်းမအိနြေ္ဒ ရွှေပေးလို့မရ။ နိုင်ငံရေးအိနြေ္ဒ ပါမစ်ပေးလို့ မရ။ အခု တိုင်းရင်းသားခေါင်းဆောင်အချို့နဲ့ အတိုက်အခံခေါင်းဆောင်အချို့ဟာ အိနြေ္ဒမဲ့များမဲ့နေကြသလားလို့ တွေးမိပါတယ်။ NCCT က KNU ကို ရရှိထားခြင်းမှာ အချစ်မပါတဲ့ အိမ်ထောင်ရေးတစ်ခုလို ဖြစ်နေတယ်။ မင်းအောင်လှိုင်နဲ့ နှစ်လတစ်ကြိမ် ပုံမှန်အစည်းအဝေး လုပ်ခွင့်ရနေတဲ့ KNU အနေနဲ့ သီးခြားအစီအစဉ် ရှိနေကြောင်း တွက်လို့ ရပါတယ်။ အဲဒီအစီအစဉ်ကို ပြောပြစရာတော့ မလိုပါဘူး။ KNU နဲ့ မြန်မာ့တပ်မတော်တို့ပဲ ဖြစ်အောင် လုပ်ကြပါလို့ အရင်တိုက်တွန်းလိုက်မယ်။

 KNU အနေနဲ့ NLD မပါဘဲ၊ UNFC မပါဘဲ မြန်မာ့တပ်မတော်နဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်တယ်ဆိုရင်၊ မြန်မာအစိုးရနဲ့ ဒီမိုကရေစီအခွင့်အရေးအပေးအယူ လုပ်နိုင်တယ်ဆိုရင်၊ ကရင်တို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အရယူနိုင်တယ်ဆိုရင် ကျန်တဲ့ တိုင်းရင်းသားတွေက မနာလိုသဝန်တိုစရာ မရှိပါဘူး။ တကယ်လို့ RCSS လည်း အဆင်ပြေတယ်ဆိုရင် KNU လမ်းစဉ်ကို လိုက်ချင်တယ်ဆိုရင် လိုက်သွားလို့ ရတယ်။ မြန်မာ့တပ်မတော်နဲ့ မပေါင်းဖူးလို့ ပေါင်းဖူးချင်တယ်ဆိုရင် တားစရာမဟုတ်ဘူး။ နောက်ထပ်အနှစ်(၂၀) စောင့်ပေးပါဆိုရင် အရင်က အပစ်ရပ်ဖူးတဲ့ တိုင်းရင်းသားတွေက စောင့်ဖို့ ဝန်မလေးပါဘူး။ လက်ရှိဆေးဆိုးပန်းရိုက်ငြိမ်းချမ်းရေးဟာ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်လေးဘက်နာရောဂါအတွက် ကုထုံးသစ်တစ်မျိုးတော့ မဟုတ်ဘူး။ ဒီဆေးဟာ ကချင်၊ ချင်း၊ မွန် စတဲ့ တိုင်းရင်းသားလူမျိုးများနဲ့ မတည့်ကြောင်း နှစ်ပေါင်း(၂၀)ကျော် အတွေ့အကြုံရှိခဲ့ဖူးပါတယ်။ ဒီတစ်ခါ ရှမ်းတောင်ပိုင်းနဲ့ KNU တို့အတွက် တည့်မတည့်တော့ စမ်းကြည့်ကြပေါ့။ အခြေအနေချင်းတော့ မတူဘူး၊ လူချင်းလည်း မတူဘူးဆိုပေမဲ့ ဆေးဖော်နည်းကတော့ အတူတူပဲ ဖြစ်တယ်။
၂၀၁၁-ခုနှစ်မှာ NLD က လွှတ်တော်နိုင်ငံရေးထဲကို ခြေစုံပစ်ဝင်ခဲ့ပါတယ်။ NLD ကို ဝေဖန်ပေမဲ့ အပြစ်မတင်ခဲ့ပါဘူး။ လွှတ်တော်နိုင်ငံရေးနဲ့ တပ်မတော်ရဲ့ စေတနာကို လေ့လာခွင့်တောင် ရတာပေါ့လို့ သဘောထားခဲ့ပါတယ်။ ၆-ပွင့်ဆိုင်မှာ တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦးထဲ ပါပေမဲ့ တစ်ခုခုကို ဆွေးနွေးနေရင် ပြဿနာတစ်ခုခုကို ဖြေရှင်းဖို့ အထောက်အကူ ဖြစ်မှာမို့ ၆-ပွင့်ဆိုင် ဖြစ်ခဲ့ရင် တိုင်းရင်းသားတွေက ကန့်ကွက်ကြမှာ မဟုတ်ဘူး။ အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်တဲ့အခါ ရှောင်ကြဉ်ဖွယ်၊ အတုယူဖွယ်အချက်တွေတောင် ဖတ်မှတ်လို့ ရနိုင်သေးတယ်လို့ မိမိတို့ သဘောထားပါတယ်။ အခု KNU နဲ့ RCSS တို့က ဟန်ညောင်ရွှေလမ်းစဉ်အရ လွှတ်တော်နိုင်ငံရေးလမ်းစဉ်ကို လက်ခံလိုကြပုံ ရတယ်။ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအရ KNU က ဒိုင်အာခီစနစ် နာဂစ်ဖွဲ့စည်းကို အနည်းငယ် ပြင်ပြီး ကရင်တို့အတွက် ကိုယ်ပိုင်ပြဌာန်းခွင့် ရနိုင်တယ်လို့ ယူဆနေကြပါတယ်။ ဒါ ဖြစ်နိုင်မဖြစ်နိုင် မိမိတို့လည်း စိတ်ဝင်တစား စောင့်ကြည့်ချင်ပါသေးတယ်။
KNU နဲ့ RCSS တို့ကို နည်းနည်းလေး အကြံပြုလိုတယ်။ တကယ်လို့ မင်းအောင်လှိုင်နဲ့ ဦးသိန်းစိန်ကို ငြိမ်းချမ်းရေးသမားတွေလို့ ယုံကြည်ကြရင် သူတို့က ငြိမ်းချမ်းရေးကို အမှန်တကယ် လိုချင်ကြောင်း ထပ်ခါတလဲလဲ ပြောနေစရာမလိုဘူး။ ကချင်မှာ ကျဆုံးသွားတဲ့ ရဲဘော်တွေအကြောင်း မပြောချင်လည်း ရတယ်။ UNFC ကို ပုတ်ခတ်ချင်ရင်လည်း ရတယ်။ NLD ကို နှိပ်ကွပ်ချင်ရင်လည်း ရတယ်။ ဒါပေမဲ့ ဒါတွေဟာ သူခိုးကို ဓားရိုးကမ်းတဲ့အလုပ်ဆိုတာ ဖဒိုမန်းငြိမ်းမောင် သိထားသင့်တယ်။ RCSS, KNU နဲ့ မြန်မာ့တပ်မတော်တို့က အဲ့လောက် အဆင်ပြေနေခဲ့ရင် ကျန်တိုင်းရင်းသားအဖွဲ့အစည်းတွေကို အားနာစရာမလိုတော့ဘူး။ KNU အနေနဲ့ နှစ်လတစ်ခါ သွားတွေ့နေစရာလည်း မလိုတော့ဘူး။ ငြိမ်းချမ်းရေးသာ အမြန်လုပ်လိုက်ပေတော့လို့ ပြောချင်တယ်။ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် ငြိမ်းချမ်းသွားရင်လည်း အမြတ်က နည်းတာမှ မဟုတ်တာပဲ။ ဒီလိုလုပ်နိုင်ရင် UNFC က ဘာလုပ်နေဖို့လဲ။ ဟန်ညောင်ရွှေလည်း ပြောခဲ့ပြီသားပဲ။ UNFC မှာ ဘာအင်အားမှ မရှိဘူးလေ။
RCSS နဲ့ KNU တို့ဟာ မြန်မာ့တပ်မတော်နဲ့ မြန်မာအစိုးရကို ရင်းရင်းနှီးနှီး ပေါင်းမှ ငြိမ်းချမ်းရေးရနိုင်တယ်လို့ ပြောတတ်ကြပါတယ်။ MPC က ဦးလှမောင်ရွှေတို့ကလည်း မြန်မာ့တပ်မတော်က တစ်ခုခုကို စော်ကားပြီးတိုင်း ယုံကြည်မှု တည်ဆောက်ကြပါလို့ ဇင်းမယ်ကို ပြေးပြေးပြီး သွားပြောနေရတာလည်း ဖတ်ဖတ်မောနေပါတယ်။ ဖဒိုမန်းငြိမ်းမောင်တို့ကလည်း မင်းအောင်လှိုင်ကို ကာကွယ်ပြောနေရတာလည်း အိနြေ္ဒမဲ့လွန်းလှပါတယ်။ အခုအနေအထားမှာ KNU က တိုင်းရင်းသားတွေကို ဦးဆောင်ဖို့ မဖြစ်တော့ဘူး။ စစ်အုပ်စုတွေနဲ့တော့ ပေါင်းနိုင်ပါတယ်။ RCSS လည်း ပါလာမှာမုချပါပဲ။ လက်ရှိ UNFC အဖွဲ့ထဲက အဖွဲ့တစ်ခုကလည်း ပါချင်ပါသွားမယ်။ UNFC အဖွဲ့တောင် ပျက်ချင်ပျက်သွားမယ်။ ဒါပေမဲ့ UNFC အဖွဲ့ဟာ ငြိမ်းချမ်းရေးကို အဟန့်အတား ပြုနေတယ်လို့ မင်းအောင်လှိုင်က စွပ်စွဲသလို ကရင်တို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုလည်း ထိပါးနေတယ်လို့ KNU က စွပ်စွဲခဲ့ပါတယ်။ UNFC က အဲ့လောက်အထိ ဆိုးနေခဲ့ရင် ပျက်သွားမှ အေးမှာမဟုတ်လား။ ဒါမှ KNU နဲ့ မင်းအောင်လှိုင်တို့ရဲ့ ချစ်ခြင်းကို မခွဲနိုင်မှာလေ။
KNU က စောမိုက်ကယ်ပြောသလိုပါပဲ။ အရင်တုန်းက ကချင်တို့က မတိုက်ဘူး၊ ကရင်တွေ ခံခဲ့ရတယ်။ အခု ကချင်မှာ တိုက်ပွဲ ဖြစ်တယ်။ ကျနော်တို့မှာ မဖြစ်ဘူး။ သူပြောချင်တာက ကျုပ်တို့ခံခဲ့သလို အခု ခင်ဗျားတို့လည်း ခံပေတော့ ဆိုတဲ့သဘောပါ။ နိုင်ငံရေးကို ခံစားချက်နဲ့ မလုပ်ရဘူးဆိုတဲ့ အဖွဲ့ကနေ ဝေဖန်သံတစ်ခုပါ။ အခုအစိုးရ မူဝါဒက ရှင်းတယ်။ အရင်တုန်းက လက်ရှိ UNFC အဖွဲ့ဝင်များနဲ့ အပစ်ရပ်အောင် လုပ်ခဲ့ပြီး လက်ရှိလွှတ်တော်ရောက်နေတဲ့ NLD နဲ့ လွှတ်တော်နိုင်ငံရေးကို ထောက်ခံချင်တဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကို ဖိနှိပ်ခဲ့တယ်။ အခု အဆိုပါအဖွဲ့တွေကို စည်းရုံးပြီး အရင်က အပစ်ရပ်ခဲ့တဲ့ အဖွဲ့တွေနဲ့ ပြဿနာမတက်တက်အောင် ရန်စနေခဲ့ပါတယ်။ ဒါဟာ ပကတိအမှန်တရား ဖြစ်တယ်။ လိမ်နည်းက အတူတူပဲ ဖြစ်တယ်။ ပြောင်လိမ်တယ်။ ပြောင်ရန်တိုက်ပေးတယ်။
အခု ဖွဲ့စည်းပုံပြင်ရေးမှာ အလိမ်မိနေပြီ။ ဒီအတွက် NLD က မျောပါသွားတယ်။ NLD မျောပါမသွားရင်လည်း အခြားပရော့စီပါတီများနဲ့ ၂၀၁၀ -ခုနှစ် ရွေးကောက်ပွဲတုန်းကလိုပဲ စစ်အုပ်စုတွေက သွားလို့ ရပါတယ်။ ကျန်ပါတီတွေက အသုံးချခံခဲ့ရမှန်း သိသိကြီးနဲ့ ရွေးကောက်ပွဲ ဝင်ခဲ့ကြတယ်။ အခွင့်အရေးဆိုတာ နည်းနည်းရရင် နည်းနည်းယူထားကြဆိုတဲ့ သန္နိဋ္ဌာန်နဲ့ပေါ့။ အခု NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံအတွက်ပဲ၊ အသုံးချချင်ရင် အသုံးချကြပါလို့ ပြောပါတယ်။ ကြားဖြတ်ကို ဝင်ပြီး ဖွဲ့စည်းပုံပြင်နိုင်ဖို့ ကြိုးစားခဲ့ရာ အခု မြင်နေရတဲ့အတိုင်းပါပဲ။ ဘာတစ်ခုမှ အဆင်မပြေပါ။ KNU က ဒါကို ကရုဏာထားရကောင်းမှန်းမသိဘဲ ချိုးချိုးနှိမ်နှိမ် ပြောပါသေးတယ်။ NLD က ပျော့တာ ဒူးခေါင်းပဲ ရှိတော့တယ်။ KNU ထက်အရင် လွှတ်တော်ထဲ ရောက်နေပါပြီ။ UNFC လိုလည်း လက်နက်မကိုင်ဘူး။ တပ်မတော်က ဘာပဲလုပ်လုပ် ဘာမှ မဝေဖန်ဘူး။ ဦးသိန်းစိန် အာဆီယံဥက္ကဋ္ဌ ဖြစ်အောင်လည်း ကူခဲ့တယ်။ ပိတ်ဆို့မှု လျှော့ကျသွားအောင်လည်း ကိုယ်တိုင် တိုက်တွန်းခဲ့တယ်။ စစ်ရာဇဝတ်ကောင်ဘဝကနေ လွတ်မြောက်အောင်လည်း ကူပေးခဲ့တယ် ဒါပေမဲ့ မင်းအောင်လှိုင်နဲ့ တွေ့ချင်ပါတယ်ဆိုတာတောင် တွေ့ခွင့်မရခဲ့ဘူး။ ဖွဲ့စည်းပုံပြင်တဲ့နေရာမှာ ပုဒ်မ ၅၉ (စ)နဲ့ ပုဒ်မ ၄၃၆ ကိုလည်း မပြင်နိုင်သေးဘူးဗျ။ အခု နောက်ဆုံးသတင်းအရ ၆-ပွင့်ဆိုင်ကို ကာချုပ်လက်မခံကြောင်း ဖဒိုမန်းငြိမ်းမောင်က ကိုယ်စားပြောပေးမှ သိရပါတော့တယ်။
ဒေါ်အောင်ဆန်းစုကြည်က စစ်အုပ်စုတွေအပေါ် ကျေးဇူးများလှပါတယ်။ ဒါပေမဲ့ စစ်အုပ်စုတို့က ဘာကြောင့် သူ့ကို ဒီကနေ့အထိ မျက်နှာသာ မပေးကြပါသလဲ။ ဒီအစား မင်းအောင်လှိုင်နဲ့ ဦးသိန်းစိန်တို့က KNU နဲ့ RCSS ကို အချစ်တိုးလို့ မရိုးအောင် ဘာကြောင့်များ ဧည့်ခံနေရပါသလဲ။အခြားတိုင်းရင်းသားအစုအဖွဲ့တွေထက် ဦးစားပေးပြီး ပေါင်းနေခြင်းမှာ ဘာရည်ရွယ်ချက်နဲ့လဲ။ မိမိတို့ မပြောတတ်ဘူး။ မပြောတတ်တော့ဘူး။ အချိန်က အဆုံးအဖြတ် ပေးပါလိမ့်မယ်။ တပ်မတော်နဲ့ KNU အဖွဲ့တို့အကြား ငြိမ်းချမ်းရေး ရရှိတဲ့အထိ ကြိုးပမ်းဆောင်ရွက်ဖို့ နှစ်ဦးနှစ်ဖက် သန္ဓိဌာန် ချမှတ်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့ကြတာကိုလည်း ထောက်ခံပါတယ်။ ကရင်တို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ထိပါးနေတဲ့ UNFC ကို အဖက်လုပ်စရာမလိုဘူးလေ။ ကရင်တို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အင်မတန်မှ လေးစားတဲ့ ကာချုပ်မင်းအောင်လှိုင်တို့နဲ့ပဲ ပေါင်းရတော့မပေါ့။ ပရော့စီပါတီတွေ လွှတ်တော်ထဲ ဝင်ကုန်လို့ NLD ကလည်း ခုန်ဝင်သွားခဲ့တယ်။ အခုလည်း KNU က စစ်အုပ်စုကို အယုံအကြည်ရှိလို့ ၂၀၀၈-ခုဥပဒေကြောင်းအတိုင်း ခုန်ဆင်းချင်နေကြောင်း သိရတယ်။ ဒီရေစီးကြောင်းထဲ ခုန်ဝင်ချင်ရင်လည်း ကြည့်လုပ်ကြပေါ့။ ခုန်ဆင်းလိုက်တဲ့ ရေစီးကြောင်းက ပင်လယ်ကို ရောက်မဲ့ မြစ်ချောင်းမဟုတ်ဘဲ ရန်ကုန်က ရေပုပ်မြောင်း ဖြစ်နေမှာစိုးလို့။ ရေပုပ်မြောင်းဆိုရင် အမှိုက်တွေလည်း ပါမယ်၊ သရိုက်တွေလည်း ပါမယ်၊ ဒိုက်တွေလည်း ပါမယ်၊ ကံမကောင်းရင် မစင်တွေတောင် ခေါင်းပေါ် ရောက်နေပါအုန်းမယ်။ မိမိတို့ကတော့ တကိုယ်ကောင်းဆန်တယ်လို့ ပြောချင်ပြောပေါ့။ မင်းအောင်လှိုင်နဲ့ ဦးသိန်းစိန်တို့ဟာ ငြိမ်းချမ်းရေးကို လိုလားတဲ့ ပုံစံ နည်းနည်းလေး မပြဘူး။ ဒီမိုကရေစီကို နည်းနည်းလေးမှ မြတ်နိုးမှု မရှိဘူး။ ဖက်ဒရယ်မူကို နည်းနည်းလေးမှ မလိုလားဘူး။ မိမိတို့မှာ ခံစားချက်တွေ များနေလို့ သူတို့စေတနာကို မမြင်နိုင်တာလည်း ဖြစ်ချင်ဖြစ်နေမှာပေါ့လေ။
KNU အဓွန့်ရှည်ပါစေ။
ကရင်တို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် မင်းအောင်လှိုင်ဆီကနေ ရပါစေ
(Written by-U Ravika)

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)