Saturday, July 4, 2009

အနုပညာဂျာနယ်များ ဌာနဆိုင်ရာသတင်းမရေးရန်တားမြစ်

အနုပညာဂျာနယ် မှတ်ပုံတင်ဖြင့် ထုတ်ဝေသည့် ဂျာနယ်အားလုံးကို ဌာနဆိုင်ရာနှင့်ပတ်သက်သည့် သတင်းများ လုံးဝမဖော်ပြရန် စာပေစိစစ်ရေးက တားမြစ်လိုက်သည်။

အခြားသော ဒေသန္တရသတင်းများနှင့် ပြည်ပသတင်းများကိုလည်း ရှေ့မျက်နှာဖုံးနှင့် နောက်ကျောဖုံးတို့တွင် လုံးဝဖော်ပြခြင်းမပြုရန် စာထုတ်တားမြစ်လိုက်ခြင်းဖြစ်သည်။

အဆိုပါစာကို လက်ခံရရှိသည့် ဂျာနယ်အယ်ဒီတာတဦးက “ညွှန်ကြားချက်ထဲမှာပါတဲ့ အချက်တွေကတော့ အများကြီးပဲ။ အဓိကကျတာတွေကတော့ ပေါ့ပ်ဂျာနယ်တွေအနေနဲ့ ဌာနဆိုင်ရာသတင်းတွေကို လုံးဝရေးမတင်ကြဖို့၊ ရှေ့နဲ့နောက် မျက်နှာဖုံးတွေမှာဆိုလည်း ပြည်တွင်းပြည်ပ အနုပညာဆိုင်ရာ သတင်းနဲ့ ဓာတ်ပုံတွေကိုပဲ ဖော်ပြရမယ်၊ ပြည်ပသတင်းတွေဆို ကောက်စာတောင် မဖော်ပြရဘူးလို့ ကန့်သတ်လိုက်တယ်၊ အတွင်းမှာဆို ဒေသန္တရသတင်းကို အများဆုံးနှစ်မျက်နှာပဲ ဖော်ပြခွင့်ပေးမယ်တဲ့” ဟု ပြောသည်။

ယခုကဲ့သို့ စာပေစိစစ်ရေးက တင်းကြပ်လိုက်ခြင်းမှာ ဂျာနယ်ထုတ်ဝေသူအချို့က ထုတ်ဝေခွင့်ရှိပြီးသား သတင်းဦးစားပေးဂျာနယ် မဟုတ်သည့် ပေါ့ပ်ဂျာနယ်လိုင်စင်များကို လိုက်လံဝယ်ယူပြီး သတင်းဦးစားပေးဂျာနယ် ထုတ်ဝေရန်ကြိုးစားမှု ရှိလာသည့်အတွက်ကြောင့်ဟု ၎င်းက ပြောသည်။

သတင်းဦးစားပေးဂျာနယ် ထုတ်ဝေလိုသူ များလာရခြင်းမှာ ဂျာနယ်ထုတ်ဝေရေး စီးပွားရေးလောကတွင် ယခုနောက်ပိုင်း သတင်းဦးစားပေးဂျာနယ်များ အမြတ်အစွန်းများလာပြီး စာဖတ်သူများအပေါ် သြဇာသက်ရောက်မှု တစုံတရာ ရှိလာသည့်အတွက်ကြောင့်ဟု ပြည်တွင်းဂျာနယ်အသိုင်းအ၀န်းမှ စုံစမ်းသိရှိရသည်။

သို့သော် စစ်အစိုးရပြန်ကြားရေးဝန်ကြီးဌာနက သတင်းဂျာနယ်ထုတ်ဝေခွင့်ကို တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားဆဲ ဖြစ်ပြီး ၎င်းတို့နှင့်နီးစပ်သူများကိုသာ စိစစ်ချပေးနေကြောင်း သိရသည်။

ဂျာနယ်ထုတ်ဝေခွင့် ရရှိထားသူများသည် ကိုယ်တိုင်ထုတ်ဝေနိုင်ခြင်းမရှိပါက ထုတ်ဝေခွင့်ကို လက်လွှဲ၊ ငှားရမ်း၊ ရောင်းချခြင်း မလုပ်ရန် စာပေစိစစ်ရေးက တားမြစ်ထားပြီး ထုတ်ဝေခွင့်ကိုလည်း အမျိုးအစားအမျိုးမျိုး ခွဲခြားထား ကာ ပြောင်းလဲထုတ်ဝေခွင့် မပြုကြောင်း ဂျာနယ်ထုတ်ဝေသူတဦးက ပြောသည်။

ထုတ်ဝေခွင့်ပေးကတည်းက အမျိုးအစားသာမက စာမျက်နှာကိုပါ ကန့်သတ်ထားသည့်အပြင် စာမူများကိုလည်း မည်သည့်အကြောင်းပြချက်မှ မပေးဘဲ ဖြတ်တောက်၊ ဖြုတ်ပယ်မှုများရှိနေသည်မှာ မဆန်းတော့ကြောင်း၊ ယခုထပ်မံ တင်းကြပ်လိုက်ခြင်းသာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

အနုပညာလိုင်စင်နှင့် ထုတ်ဝေနေသည့် Phoenix ဂျာနယ်သည် ပြီးခဲ့သည့်သီတင်းပတ်များ၌ မျက်နှာဖုံးတွင် ဆူဒန်ကို ဆန်တင်ပို့သည့်သတင်းနှင့် အတွင်းစာမျက်နှာများတွင် အခြားသော ပြည်တွင်းသတင်းများကို ရေးသားတင်ပြခဲ့ ကြောင်း၊ စာပေစိစစ်ရေးက ယင်းသတင်းများကို စိစစ်ဖြတ်တောက်လိုက်ရုံမက ဂျာနယ်ကိုပါ တပတ်ထုတ်ဝေခွင့် ပိတ်ပင်လိုက်ပြီးသည့်နောက် ယခုဖော်ပြပါ နောက်ဆုံးစည်းကမ်းချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်နိုင်ကြောင်း ပြည်တွင်းမှ အခြားဂျာနယ်အယ်ဒီတာတဦးက ပြောသည်။

လက်ရှိထုတ်ဝေနေသည့် အနုပညာအမျိုးအစား ဂျာနယ်များမှာ အချစ်၊ ပေါ်ပြူလာ၊ အလင်းတန်း၊ နံနက်ခင်း၊ 8 Days A Week ၊ First Music Journal ၊ NOW ၊ Phoenix တို့အပါအ၀င် ဂျာနယ်အမျိုးအစား (၂၀) ၀န်းကျင်ခန့် ရှိကြောင်း သိရသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)