Saturday, July 4, 2009

လှုပ်ရှားမှုမလုပ်ရန် တာဝန်ယူခိုင်းမည်ဟု သံဃာတော်များမှန်းဆ

ရန်ကုန်တိုင်းအတွင်း မြို့နယ်အချို့ရှိ ဘုန်းကြီးကျောင်းများအား မြို့နယ်သံဃာ့မဟာနာယကက ယနေ့အစည်းအဝေးခေါ်ဆိုထားကြောင်း ဗဟန်းမြို့နယ်ရှိ သံဃာတော်တပါးက ခေတ်ပြိုင်သို့ မိန့်ဆိုသည်။

အစည်းအဝေးတွင် ကျောင်းထိုင်ဘုန်းကြီးများ၊ တိုက်အုပ်များအနေဖြင့် မိမိတို့ကျောင်းတိုက်မှ သံဃာတော်များ နိုင်ငံရေးမလုပ်ရေး တာဝန်ယူရန်၊ နိုင်ငံရေးလှုပ်ရှားမှု ပြုလုပ်နေသည်ကို တွေ့ပါက သာသနာရေးဝန်ကြီးဌာနသို့ အကြောင်းကြားရန် စသည်တို့အတွက် တာဝန်ယူကြောင်း လက်မှတ် ရေးထိုးခိုင်းလိမ့်မည်ဟု သံဃာတော်များက မှန်းဆထားကြသည်။

“၂၀၀၇ စက်တင်ဘာ အရေးအခင်းပြီးစကလိုပါပဲ။ သံဃာတော်တွေ နိုင်ငံရေးမလုပ်ဖို့ဘဲ ပြောမှာပါ။ ကျောင်းထိုင်ဘုန်းကြီးတွေ၊ တိုက်အုပ်ဘုန်းကြီးတွေက အဆင့်ဆင့်တာဝန်ယူ စောင့်ကြည့်ဖို့၊ အုပ်ထိန်းဖို့၊ ဒါတွေခေါ်ပြောမှာပါ” ဟု အထက်ပါ သံဃာတော်က မိန့်ဆိုသည်။

ယနေ့ညနေပိုင်းတွင် ဗဟန်း၊ တာမွေ၊ ပုဇွန်တောင်၊ ကြည့်မြင်တိုင်မြို့နယ်များရှိ မြို့နယ်သံဃာ့မဟာနယက ကျောင်းတိုက်များတွင် အစည်းအဝေးများခေါ်ယူထားကြောင်း သိရသည်။

ထိုကဲ့သို့ အစည်းအဝေးခေါ်ယူရခြင်းမှာ မြို့နယ်သတင်းတပ်ဖွဲ့နှင့် သာသနာရေးဝန်ကြီးဌာနတို့က ဖိအားပေးမှုကြောင့် ဖြစ်ကြောင်း သံဃာတော်များက မိန့်သည်။

“ဘုန်းကြီးတွေကြားထဲလာပြီး ဘုန်းကြီးစွမ်းအားရှင် လာမွေးနေတာပေါ့ကွာ။ နိုင်ငံရေးစာရွက်စာတမ်းတွေ ဖတ်တဲ့ သံဃာတွေတွေ့ရင်၊ ကျောင်းတိုက်မှာ နိုင်ငံရေးအားသန်တဲ့ သံဃာတွေရှိရင် အကြောင်းကြားဖို့တွေ ခေါ်ပြောမှာပါ။ သူတို့က သတင်းဦးရယူထားချင်တဲ့ သဘောပဲ။ နောက်ပြီး ကျောင်းထိုင်ဆရာတော်တွေ၊ တိုက်အုပ်တွေနဲ့ အောက်ကသံဃာတွေကို သင်းခွဲလိုက်တဲ့သဘောပဲ” ဟု ဗဟန်း သံဃာတော်က သုံးသပ်သည်။

နအဖစစ်အစိုးရသည် ၂၀၀၇ စက်တင်ဘာ သံဃာတော်များ မေတ္တာပို့လမ်းလျှောက်ပွဲကို ပစ်ခတ်နှိမ်နှင်း ဖြိုခွဲခဲ့ပြီးနောက် သံဃာတော်များအပေါ် ပိုမိုဖိနှိပ်လာရာ ထောင်ကျသံဃာတော်များ၊ တိမ်းရှောင်သံဃာတော်များနှင့် လူဝတ်လဲခဲ့ရသော သံဃာများရှိခဲ့သဖြင့် ၂၀၀၇ ခုနှစ်နောက်ပိုင်းတွင် သံဃာဦးရေလျော့ကျလာသည်ဟု ရန်ကုန်သံဃာတော်များက ခန့်မှန်းကြသည်။


ခေတ်ပြိုင်မှ ကူးယူပါသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)