၃။ ကေအဲန်ယူနေ့ (KNU DAY) ဖေဖေါ်ဝါရီ (၅)ရက်နေ့
ကရင်အမျိုးသားအရေးဆောင်ရွက်ရာတွင် တမျိုးသားလုံး၏ စည်းလုံးညီ ညွတ် ရေးသည် အရေးကြီးသည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီ (၃)ရက်မှ (၅)ရက်နေ့အထိ ရှိသမျှ ကရင်အမျိုးသားအဖွဲ့ အစည်းများကိုခေါ်ပြီး ရန်ကုန်တွင် စည်းဝေးကြသည်။
၎င်းအချိန်ရှိသည့် ကရင်အမျိုးသားအဖွဲ့အစည်းများမှာ-
(၁) ဒေါကလူ KNA Karen National Association ၁၈၈၁ ခုနှစ်တွင် ဒေါက်တာ တီသံပြာ၊ ဆရာမြတ်စံ၊ ဆရာယာဘထိုလို စသူများဖွဲ့စည်းခဲ့သည်။ ထင်ရှား သောခေါင်းဆောင်များမှာ စောဒီဖိုးမင်း၊ ဆောဆာစံစီဖိုး၊ ဆရာစံဘော်တို့ ဖြစ်သည်။ ဂျပန်ခေတ်တွင် ဥက္ကဌစောဘမောင် မမာမကျန်း၍လည်းကောင်း၊ ဂျပန်မှလည်း ကရင်များကို အထင်မှားအမြင်မှား၍လည်းကောင်း၊ ခေါင်း ဆောင်များ မလှုပ်ရှားရဲဘဲဖြစ်ခဲ့သည်။
(၂) BKNA (ဗုဒ္ဓဘာသာကရင်အမျိုးသားအစည်းအရုံး) ၁၉၄၀ ခုတွင် ဖွဲ့စည်း သည်။ ဦးပဏ္ဏ၀ံသ၊ စောမြသိန်း၊ ဆရာမန်းရွှေဘတို့ဦးစီး သည်။
(၃) KCO (ကရင်ဗဟိုအဖွဲ့ချုပ်) ၁၉၄၃ ခုနှစ်တွင် ဖွဲ့စည်းသည်။ ဂျပန် ခေတ်ဖြစ်၍ ကရင်အမျိုးသားအရေးကို ဆောင်ရွက်ရန် ဆာစံစီဖိုး မှ ဦးစီးဖွဲ့စည်းသည်။
(၄) KYO (ကရင်လူငယ်အစည်းအရုံး) ၁၉၄၆ ခုနှစ်တွင် ဖွဲ့စည်းသည်။ KCO ၏ လက်ရုန်းအဖြစ် သဘောထားဖွဲ့စည်းသည်။ မန်းဘခိုင်၊ မန်းဝင်းမောင်၊ စောကျော်စိန်တို့ ဦးဆောင်သည်။ (ထို့နောက် ယင်းအဖွဲ့ခေါင်းဆောင်များ သည် ရန်သူမှ ဖဲ့စည်းရုံးခြင်းကို ခံရပြီး ကရင်အမျိုးသားလှုပ်ရှားမှုများကို ပြန်လည်ဆန့်ကျင်ကြသည်)။ အစည်းအဝေးပွဲတွင် ကရင်အမျိုးအစည်းအရုံး များအားလုံးကို တခု တည်းသောအဖွဲ့အစည်းအဖြစ် ပြန်လည်ပူးပေါင်းရန် အတော်ကြာ ဆွေးနွေးကြသည်။ အင်းစိန်ခရိုင်ဥက္ကဌ ဆရာဖိုးအေးက KNU Karen National Union ဟုခေါ်ဆိုရန်အကြံပြုသဖြင့် အဖွဲ့ (၄)ဖွဲ့ စလုံးမှ လက်ခံကြ၍ ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီ (၅)ရက်နေ့တွင် KNU ကို စတင်ဖွဲ့ စည်းထူထောင်သည်။
ပထမဆုံး KNU ဗဟိုခေါင်းဆောင်များမှာ ဥက္ကဌစောစံဖိုးသင်၊ ဒု ဥက္ကဌ ဦးလှဖေ၊ အတွင်းရေးမှူး ဆရာသာထို၊ မန်းဂျိမ်းထွန်းအောင်၊ မန်းဘခင်၊ စောဘဦးကြီး၊ ဆရာသာဒင် တို့ပါဝင်သည်။ ကေအဲန်ယူသည် ကရင်အမျိုး သားညီညွတ်ရေးတပ်ပေါင်းစုနှင့် ကရင်အမျိုးသားရှေ့ဆောင် တပ်ဦးဖြစ် လေသည်။
ကရင်လက်နက်ကိုင်တော်လှန်ရေးဖြစ်ပြီး ကော်သူးလေစစ်အုပ် ချုပ်ရေး (KMA)ချသည့်အခါ လက်နက်ကိုင်တော်လှန်ရေးကာလ မည်သည့်အဖွဲ့အစည်း မှ မထားရှိရန်ဟူ၍ အမိန့်ထုတ်ပြန်ရာ KNU ဘေး ချိတ်ခံရသည်။
၁၉၅၃ ခုနှစ်နောက်ပိုင်း၊ ကေအဲန်ယူကို ပြန်လည်ဖေါ်ထုတ်သည်။ သို့ သော်ပါတီ (KNUP,KRC) KNUP ကိုရှေ့ဆောင်တပ်ဦး၊ KRC ကို အာဏာပိုင် အဖွဲ့၊ KNU ကို ကရင်အမျိုးသားအစည်းအရုံး တော်လှန်ရေးကျောထောက် နောက်ခံ ရိုးရိုးအဖြစ်ထားရှိသည်။
၁၉၇၀ ခုနှစ်မှ နောက်ပိုင်း ယနေ့အထိ KNU ကို ကရင့်ရှေ့ဆောင်တပ်ဦး၊ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု၊ ကရင့်တော်လှန်ရေး၏ အခြေခံကျော ထောက်နောက်ခံနှင့် ကော်သူးလေအာဏာပိုင်အဖွဲ့အဖြစ် ကြီးလေးသောတာဝန် များကို ထမ်းဆောင်ရလေသည်။
No comments:
Post a Comment