Saturday, July 4, 2009

ဘက်ခမ်းလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆို

Thursday, 11 June 2009 19:30 အေးလဲ့၊ဧရာဝတီ
ဘောလုံးသမား ဒေးဗစ်ဘက်ခမ်း အပါအဝင် ကမ္ဘာကျော် ပုဂ္ဂိုလ်များက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် ရေးသား ပြောဆိုချက်များ စုစည်းနေကြသည်။

[ကမ္ဘာကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်း (ဓာတ်ပုံ - AP)
ရှေ့တပတ်အတွင်း ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့ အဖြစ် ပြုလုပ်ထားသော www.64forsuu.org အင်တာနက် စာမျက်နှာတွင် အင်္ဂလိပ်ဘာသာဖြင့် စကားလုံး ၆၄ လုံးပါ စကားများကို အမှတ်တရ ရေးသား ပြောဆိုလျက်ရှိသည်။

“လွန်ခဲ့တဲ့ ၁၉နှစ်က မြန်မာပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို နောင်တက်မယ့် ခေါင်းဆောင် အဖြစ် ရွေးခဲ့တယ်၊ ဒီ ၁၉ နှစ်အတွင်း အချိန် အတော်များများမှာ ဒီ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ချထားတယ်၊ သူ့ကို အသံ တိတ်အောင် လုပ်နေတာကို လက်ပိုက်ကြည့် မနေနိုင်ပါဘူး၊ နိုင်ငံတကာ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပါ ဆိုတဲ့ တခုတည်းသော အသံ ထွက်ကြဖို့ အချိန် ရောက်ပါပြီ” ဟု ဒေးဗစ် ဘက်ခမ်း၊ အပါအဝင် ဂျူလီယာ ရောဘတ်စ်နှင့် ဂျော့ကလိုနီတို့က ပြောလိုက်သည်။

တိုင်တန်းနစ် (Titanic) ရုပ်ရှင်ဇာတ်ကား ရိုက်ကူးသူ ဒါရိုက်တာ ဂျိမ်းစ် ကမာရွန် ကလည်း “ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော့်ရဲ့ သူရဲကောင်း ဖြစ်ပါတယ်၊ သူဟာ မြန်မာလူထုရဲ့ လူ့အခွင့်အရေးနဲ့ မွေးရာပါ လူ့ ဂုဏ်သိက္ခာ အတွက် ရပ်တည်ပေးနေတဲ့သူ ဖြစ်တယ်၊ သူ့ကို လေးစားပါတယ်၊ ကျနော် ရိုက်ကူးတဲ့ ရုပ်ရှင်ကား အများစုမှာ ဆိုရင် သူရဲကောင်းတွေက မတရားမှုတွေကို ဆန့်ကျင်တဲ့ ဘက်က ရပ်တည်ပါတယ်၊ ရုပ်ရှင်ထဲက သူရဲကောင်းတွေဟာ စိတ်ကူးတွေ ဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ လက်တွေ့ ဘဝမှာ အမှန်တကယ်ကို ရင်ဆိုင်နေရတဲ့ သူပါ၊ ဒီအတွက် သူ့မှာ အကူအညီတွေ လိုအပ်ပါတယ်” ဟု ပြောဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် လှုံ့ဆော်ထားသော ထိုအင်တာနက် စာမျက်နှာကို ကမ္ဘာကျော် ပုဂ္ဂိုလ်များ၊ နိုင်ငံတကာ INGO အဖွဲ့များ၏ ထောက်ခံအားပေးမှုဖြင့် ပြီးခဲ့သည့် မေလ ၂၇ရက်နေ့ က စတင်ပေါ်ပေါက်လာသည်။

ယခုအခါ ကမ္ဘာကျော်ပုဂ္ဂိုလ် ၅ဝနီးပါးနှင့် သူ့အား ထောက်ခံအားပေးသူ ၈ဝဝဝ ခန့်က ၆၄လုံးပါ စကားရပ်များဖြင့် ဂုဏ်ပြုစကားပြောဆိုထားကြသည်။

အင်တာနက် စာမျက်နှာ ထူထောင်သူများထဲမှ ဗြိတိန်နိုင်ငံမှ Burma Campaign UK ခေါ် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ မှ မဇိုရာဖန်း က “ဗြိတိသျှ ဝန်ကြီးချုပ် ကိုယ်တိုင်က မြန်မာပြည် အတွက် စိတ်ဝင်တစား ပါဝင် လှုပ်ရှားနေတာဟာ အခု ပထမဆုံး အကြိမ် ဖြစ်ပါတယ်” ဟုပြောသည်။

မဇိုယာဖန်းက “ဇွန်၁၉ရက်နေ့ ကျရောက်မယ့် ဒေါ်စု မွေးနေ့မှာ ကမ္ဘာတဝန်းလုံးမှာ ရှိတဲ့ သူ့ကို ထောက်ခံတဲ့ သူတွေ၊ နာမည်ကျော်တဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ၊ အနုပညာရှင်တွေ၊ သာမန်လူထုတွေ၊ ကျောင်းသူ ကျောင်းသား၊ အလုပ်သမား အဖွဲ့တွေကနေ စကားလက်ဆောင် ပါးနိုင်ဖို့ အထူးစီစဉ်ထားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

မြန်မာပြည်သား ဘလော့ဂါ တဦးဖြစ်သူကလည်း “ပဉ္စမမြောက်မျိုးဆက်” အမည်ဖြင့် ရေးသားထားသည်ကို တွေ့ရသည်။

“မြန်မာနိုင်ငံမှာ ဆိုရှယ်လစ် အစဦးကတည်းက ခေါင်းဆောင်ပိုင်း ပဋိပက္ခနဲ့ ရင်ဆိုင်နေရတယ်။ အခုလည်း တိုင်းပြည်မှာ ဖြစ်နေတဲ့ မတရားမှု၊ ကောက်ကျစ်မှုတွေ ကြားထဲမှာ သင်ဟာ ကျနော်တို့အတွက်ကတော့ လမ်းပြကြယ်ပါပဲ၊ သင်ဟာ ရိုင်းစိုင်းတဲ့ စစ်အာဏာရှင်ကို တရားမျှတမှု၊ အမှန်တရားတွေနဲ့ အံတုနေရတဲ့ အမျိုးသမီးပါ၊ သူတို့က သင့်ကို ဘယ်လိုပဲ သေးသိမ်သွားအောင် ကြိုးစားပါစေ ကျနော်တို့အတွက်တော့ ကြီးမားတဲ့ မိခင် သူရဲကောင်းပါပဲ၊ ကျနော်တို့ သင့်ကို ချစ်တယ်၊ ကျနော်တို့ သင်နဲ့အတူ အမြဲ ရှိနေမယ်၊ အမေ သက်တော် ရှည်ပါစေ” ဟု ပဉ္စမမြောက်မျိုးဆက်က ရေးသားထားသည်။

မင်းဖြူမှန်မှန်ပြောမှ ကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)