Saturday, July 4, 2009

ကရင်ဒေသ ထိုးစစ် ရပ်ရန် ဥရောပ သမဂ္ဂ တောင်းဆို

Friday, 12 June 2009 17:42 ဇာနည်ဝင်း
ကရင်တိုင်းရင်းသား အများအပြား ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးနေရ သဖြင့် ကရင်ပြည်နယ် အတွင်းရှိ မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်မှုများကို ချက်ချင်း ရပ်ဆိုင်းရန် ဥရောပ သမဂ္ဂ ဥက္ကဋ္ဌက ကြာသပတေးနေ့တွင် ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်သည်။

[ထိုးစစ်ကြောင့် ထွက်ပြေးရသည့် ဒေသခံ ကရင်တိုင်းရင်းသားတချို့ (ဓာတ်ပုံ - KIC)]

အရပ်သားများကို နိုင်ငံတကာ လူသားချင်း စာနာမှု ဆိုင်ရာ ဥပဒေ၊ လူ့အခွင့်အရေး ဥပဒေ တို့နှင့် အညီ အကာအကွယ် ပေးရန်လည်း တိုက်တွန်းထားသည်။

ယခု လဆန်းပိုင်းမှ စတင်ပြီး မြန်မာ့ တပ်မတော်က ကရင် အမျိုးသား အစည်း အရုံး (KNU) ၏ တပ်စခန်းများကို အကြီးအကျယ် ထိုးစစ် ဆင်နေခြင်းကြောင့် ထောင်ပေါင်း များစွာသော ဒေသခံများ အိုးအိမ်စွန့် ထွက်ပြေးနေရသည်။

“ယေဘုယျအားဖြင့် အာဏာပိုင်တို့သည် တိုင်းရင်းသား လူနည်းစုများ အရေးကို စစ်ရေးအရ ဖြေရှင်းမှု မပြုသင့်ပါ၊ ထိုသို့ ဖြေရှင်းပါက မတည်ငြိမ်မှုများ ပေါ်ပေါက်ပြီး၊ ရေရှည်တွင် သွေးကွဲမှု၊ မုန်းတီးမှုများသာ ဖြစ်ပေါ်စေနိုင်သည်” ဟု ချက်သမ္မတနိုင်ငံ၏ တောင်းဆိုချက်တွင် ဖော်ပြထားသည်။

ချက်သမ္မတနိုင်ငံသည် ဥရောပ သမဂ္ဂ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် ယူထားသည့် နိုင်ငံ ဖြစ်သည်။ ကရင်ပြည်နယ် ထိုးစစ်များ ရပ်စဲရန် တောင်းဆိုသည့် ကြေညာချက်ကို အဖွဲ့ဝင် ၂၇ နိုင်ငံ ပါဝင်သည့် ဥရောပ သမဂ္ဂ ကိုယ်စား ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ယခုလအတွင်း ပြုလုပ်သော ထိုးစစ်များကြောင့် ထွက်ပြေးရသူ အရပ်သားများအတွက် လွန်စွာ စိုးရိမ်မိကြောင်း၊ ထိုင်းနိုင်ငံတွင် ဒုက္ခသည် အများအပြား ရှိနေပြီး ဖြစ်ကြောင်း၊ ထပ်မံ ရောက်ရှိလာသည့် ဒုက္ခသည်များကို ထိုင်းနိုင်ငံက လက်ခံပြီး အကာအကွယ် ပေးထားခြင်းကိုလည်း အသိအမှတ် ပြုပါကြောင်း ကြေညာချက်က ဆိုသည်။

ထို့အပြင် စစ်ပြေး ဒုက္ခသည်များ ဘေးကင်း လုံခြုံစွာ နေရပ်သို့ ပြန်နိုင်ရေး၊ သက်ဆိုင်သူများ အားလုံး ပါဝင်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို စတင်နိုင်ရေးတို့ကို ဆောင်ရွက်ရန်လည်း တိုက်တွန်းထားသည်။

ဥရောပ သမဂ္ဂ၏ ကြေညာချက်ကို KNU က ကြိုဆိုလိုက်သည်။

“ကျနော်တို့က အပြည့်အဝ ထောက်ခံပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ အဲဒီလို စစ်အစိုးရကို ပြတ်ပြတ် သားသား ရှုတ်ချတာ မရှိဘူး” ဟု KNU ဒုတိယ ဥက္ကဌ ဒေးဗစ် သာကပေါက ပြောသည်။

ဥရောပ သမဂ္ဂက ထိုသို့ တိုက်တွန်းသော်လည်း ထိုးစစ်ဆင်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ဆက်လက် ရှိနေဆဲ ဖြစ်ကြောင်း ဒေးဗစ် သာကပေါက ပြောသည်။

ထိုးစစ် ရပ်ရေးကို မြန်မာ အာဏာပိုင်တို့က သဘောတူမည် မဟုတ်ဟု မဲဆောက်အခြေစိုက် KIC သတင်းဌာန၏ အယ်ဒီတာ နန်းဖောဂေက သုံးသပ်လိုက်သည်။

“အပြောင်းအလဲ ရှိလာမယ် ဆိုရင်တော့ ကောင်းတာပေါ့။ တိုက်ပွဲတွေကြောင့် အဓိကအားဖြင့် ဒုက္ခ ရောက်နေရတာက ဒေသခံ ပြည်သူတွေပဲလေ။ တိုက်ပွဲတွေ ရပ်သွားရင်တော့ ဒေသခံတွေ နေရပ်ရင်း ပြန်ဖို့ အခြေအနေ တစုံတရာ လမ်းပွင့်သွားတာပေါ့” ဟု တိုက်ပွဲဖြစ်ပွားရာ ဒေသအနီး ရောက်ရှိနေသော နန်းဖောဂေက ပြောသည်။

မင်းဖြူမှန်မှန်ပြောမှ ကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)