ထိုင်းနိုင်ငံရှိ တရားမ၀င် နိုင်ငံခြားသား အလုပ်သမားများ တရားဝင် အလုပ်သမား မှတ်ပုံတင်နိုင်ရန် နောက်ဆုံးအခွင့်အရေးအနေဖြင့် ထိုင်းအစိုးရက စီစဉ်နေပြီး အလုပ်လုပ်ကိုင်ခွင့်လက်မှတ်နှင့်အတူ ယာယီနိုင်ငံကူးလက်မှတ်ကိုပါ ထုတ်ပေးနိုင် ရန် ကြိုးစားနေကြောင်း ထိုင်းအလုပ်သမားရေးဝန်ကြီး ပိုင်ထုန် ကယောက်တွန်က ယမန်နေ့က ပြောကြားသည်။
ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသည့် နိုင်ငံခြားသားအလုပ်သမား အရေအတွက်မှာ (၄) သိန်းမှ (၅) သိန်းအကြားရှိပြီး မှတ်ပုံမတင်ထားသည့် တရားမ၀င်အလုပ်သမား များ (၄) သိန်း ရှိသည်ဟု အလုပ်သမားရေးဝန်ကြီးက သတင်းထောက်များအား ပြောကြားသည်။
နိုင်ငံခြားသားအလုပ်သမားများ မှတ်ပုံတင်ကုန်ဆုံးမည့် နောက်ဆုံးရက်သည် ၂၀၁၀ ခု၊ ဖေဖော်ဝါရီ (၂၈) တွင် ဖြစ်သည်ဟု သိရသည်။ အလုပ်ရှင်များအနေဖြင့် ၎င်းတို့၏အလုပ်သမားများကို အလုပ်သမားရေးဝန်ကြီးဌာနတွင် စာရင်းပေးသွင်းရမည်ဖြစ်ပြီး အလုပ်သမားများသည် (၂) နှစ်သက်တမ်းရှိ အလုပ်လုပ်ခွင့်လက်မှတ်နှင့် ယာယီ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ခွင့်ရမည်ဟု မစ္စတာ ပိုင်ထုန်က ပြောသည်။ အလုပ်လုပ်ခွင့်လက်မှတ်ကို (၂) ကြိမ် သက်တမ်းတိုးရမည် ဖြစ်သည်။
အဆိုပါ မှတ်ပုံတင်ရေးလုပ်ငန်းစဉ်များ အားလုံးပြီးစီးပါက အလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်း တရားဝင် နေထိုင်ခွင့်ရရှိမည့်အပြင် လူမှုဖူလုံရေးနှင့်လူနေမှုစားရိတ် ခံစားခွင့်များကို ရရှိမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးက ပြောသည်။
ထိုင်းကက်ဘိနက်က အတည်ပြုပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါက နိုင်ငံခြားအလုပ်သမား များသည် (၁) လအတွင်း မှတ်ပုံတင်ကြရမည်ဖြစ်သည်။
ခေတ်ပြိုင်မှ ကူးယူဖေါ်ပြသည်။
No comments:
Post a Comment