Tuesday, October 20, 2009

မြန်မာစစ်တပ်က တိုက်ခိုက်လာမည်ကို ဘင်္ဂလားဒေ့ရှ် စိုးရိမ်

Monday, 19 October 2009 17:42 ရန်ပိုင်

မြန်မာစစ်တပ်များက တိုက်ခိုက်လာခဲ့လျှင် ဘင်္ဂလားပင်လယ်အော် အတွင်းရှိ စိန့်မာတင်ကျွန်းသည် အဓိက ပစ်မှတ်တခု ဖြစ်လာနိုင်သည်ဟု ဘင်္ဂလားဒေ့ရှ် စစ်အရာရှိများက ပြောဆိုကြောင်း သိရသည်။

အဆိုပါကျွန်းသည် နှစ်နိုင်ငံ တိုက်ပွဲဖြစ်ပွားလာခဲ့လျှင် အဓိကပစ်မှတ်တခု ဖြစ်လာနိုင်ပြီး၊ လုံခြုံရေးအရ အားနည်း နေကြောင်း၊ ထိုအတွက် လေကြောင်းရန် ကာကွယ်ရေးစနစ်များနှင့် ကွန်ကရိဘန်ကာများ အလျင်အမြန် တည်ဆောက်ရန် လိုအပ်ကြောင်း ဘင်္ဂလားဒေ့ရှ် ရိုင်ဖယ်တပ် အရာရှိများက အစိုးရအား ထောက်ပြ ပြောဆိုထားသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယမန်နေ့က ထုတ်ဝေသည့် The Daily Star သတင်းစာတွင် ဖော်ပြထားသည်။

“အခုလောလောဆယ် အခြေအနေဟာ အလွန် အတိမ်းအစောင်း မခံတဲ့ အခြေအနေ ဖြစ်နေတဲ့အတွက် အဲ့ဒီ ကိစ္စကို အလေးအနက် ထားရမယ်” ဟု ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတဦးကလည်း ပြောကြားကြောင်း သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါကျွန်းသည် နှစ်နိုင်ငံ ရေပြင်ပိုင်နက် အငြင်းပွားနေသည့် နေရာနှင့် နီးကပ်နေပြီး၊ ၎င်းဒေသတွင် မြန်မာ အစိုးရကလည်း သဘာဝဓာတ်ငွေ့ တူးဖော်နေသည်။

“ကျွန်းပေါ်မှာ နေတဲ့သူတွေကတော့ စိုးရိမ်တာပေါ့ ၊ သဘာဝဓာတ်ငွေ့ ထွက်တဲ့ နေရာနဲ့ အရမ်း နီးတယ်၊ ဒါကြောင့် နှစ်နိုင်ငံ စစ်သဘောင်္တွေ ရှိနေတယ်” ဟု ဘင်္ဂလားဒေ့ရှ် အခြေစိုက် ကုလားတန် သတင်းစဉ်မှ အယ်ဒီတာ ဦးတင်စိုးက ပြောသည်။

ထိုကျွန်းသည် နတ်မြစ်၏ အ၀င်ဝတွင် တည်ရှိသည့် သဘာဝ သန္တာကျွန်းစု တခု ဖြစ်ပြီး၊ ကမ္ဘာလှည့် ခရီးသွားများ အမြဲမပြတ် သွားရောက်တတ်ကြောင်း သိရသည်။

၂၀၀၈ခုနှစ် နိုဝင်ဘာလတွင် နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးများအဆင့် တွေ့ဆုံကြပြီး ရေပိုင်နက် အငြင်းပွားမှု ပြဿနာကို ဆွေးနွေးခဲ့သော်လည်း နှစ်ချီ၍ အငြင်းပွားနေသည့် ယင်းပြဿနာသည် ပြေလည်မှု မရရှိခဲ့ပေ။

ထိုသို့ ဖြစ်ပွားနေသည့် ကြားမှပင် မြန်မာအစိုးရက နှစ်နိုင်ငံနယ်စပ်တွင် ခြံစည်းရိုးကာရံမှုကို ထပ်မံ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံတကာ သတ်မှတ်ထားတဲ့ နယ်စပ်မျဉ်းနဲ့ ပေ ၁၀၀ လောက် အကွာမှာ သံဆူးကြိုးကာလို့ ဘင်္ဂလားဒေ့ရှ်က ကန့်ကွက်တာပါ” ဟု ဦးတင်စိုးက ပြောသည်။

မြန်မာစစ်အစိုးရက နယ်စပ်ဒေသတလျှောက် ခြံစည်းရိုးကာရခြင်းမှာ နှစ်နိုင်ငံ နယ်စပ်တွင် ဖြစ်ပေါ်နေသည့် မှောင်ခိုလုပ်ငန်းများ၊ လူကုန်ကူးမှုများ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်များ ၀င်ရောက် တိုက်ခိုက်ခြင်းမှ တားဆီးရန် ဟု အကြောင်းပြထားသည်။

“တိုင်းရင်းသား လက်နက်ကိုင်ကလည်း ထိုင်း - မြန်မာနယ်စပ်မှာ ရှိသလို ဒီမှာမရှိဘူး၊ လူကုန်ကူးမှု ဆိုတာလည်း နစကတွေ ကိုယ်တိုင်ပါနေတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်တွင် မြန်မာဘက်က သံဆူးကြိုး ကာရံခြင်းကို မတ်လ ၁၈ ရက်နေ့က စတင်ခဲ့သည်။

ထိုအပြင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်များမှာလည်း ၎င်းတို့အစိုးရအား နယ်စပ်တွင် လျှပ်စစ်ဓာတ်အား လွှတ်ထားသည့် ခြံစည်းရိုးတခု ကာရန်အတွက် တိုက်တွန်းထားကြောင်း The Daily Star သတင်းစာတွင် ဖော်ပြထား သည်။

ယင်းဒေသ၌ မြန်မာစစ်တပ်က ပုံမှန်ကင်းလှည့်မှုများသာ ပြုလုပ်သော်လည်း ယခုအခါ စခန်း အခိုင်အမာ တည်ဆောက်နေသည်ဟု သိရပြီး၊ ယခုအခါ တပ်ရင်း ၅ ရင်း အထိ တိုးမြှင့် ချထားကာ နယ်စပ်ဒေသ စိစစ် ကြီးကြပ်ရေး (နစက ) ကင်းစခန်းပေါင်း ၃၂ ခု၊ စခန်းကြီး ၉ ခု ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ် ဘက်ကလည်း တပ်ရင်း ၃ ရင်း တိုးမြှင့် ချထားကြောင်း သိရသည်။

နယ်စပ်ဒေသတလျှောက်တွင် ယင်းတင်းမာမှုများကြောင့် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးမှာလည်း အနည်းငယ် လျော့နည်းသွားကြောင်း သတင်း ရရှိသည်။

လတ်တလော နယ်စပ် တင်းမာမှုများနှင့် ပတ်သက်၍ မြန်မာအစိုးရဘက်မှ တစုံတရာ ထုတ်ပြန် ပြောကြားခြင်း မရှိသေးပေ။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)