မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ အောက်တိုဘာလ 19 ရက် 2009 ခုနှစ် 16 နာရီ 47 မိနစ်
နယူးဒေလီ။ ။ ''အကျဉ်းအကျပ်အနေအထားသို့ ရောက်ရှိနေသည့် မြန်မာပြည်'' ခေါင်းစဉ်ဖြင့် လူထုနှီးနှော ဖလှယ်ပွဲတရပ်ကို သြစတြေးလျားနိုင်ငံ ဆစ်ဒနီမြို့ရောက် မြန်မာ့အရေး လှုပ်ရှားသူများက ယမန်နေ့တွင် ကျင်းပ ခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - အန်အယ်ဒီ (လွတ်မြောက်နယ်မြေ) သြစတြေးလျားဌာနခွဲက ရီဂျင့်ပန်းခြံ လူထုခန်းမ၌ ကမကထပြု ကျင်းပခဲ့ရာ အန်အယ်ဒီ လွှတ်တော်အမတ် ၃ ဦး၊ တိုင်းရင်းသားနှင့် ကျောင်းသားလူငယ် အဖွဲ့အစည်းများ၊ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများ စုစုပေါင်း ဦးရေ ၇၀ ခန့် တက်ရောက်ခဲ့သည်။
မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများက နှီးနှောဖလှယ်ပွဲတွင် နအဖ စစ်အစိုးရ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံကြသကဲ့သို့၊ ၂၀၁၀ ခုနှစ်တွင် ကျင်းပမည်ဆိုသော ရွေးကောက်ပွဲကို ပြင်းထန်စွာ ရှုတ်ချကန့်ကွက် ခဲ့ကြသည်။
ထို့အပြင် အန်အယ်ဒီပါတီ၏ ရွှေဂုံတိုင်ကြေညာစာတမ်းကို ထောက်ခံကြောင်းနှင့် စစ်အစိုးရ-ပြည်ပအစိုးရများအကြား ပိုမိုထိတွေ့ဆက်ဆံရေး မူဝါဒနှင့် မူဝါဒပါ လုပ်ငန်းစဉ်များသည် စစ်အစိုးရ၊ ဒီမိုကရေစီအင်အားစုနှင့် တိုင်းရင်းသား အင်အားစုများအကြား သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ရေးကို ဦးတည်စေမည့် မူဝါဒနှင့် လုပ်ငန်းစဉ်များသာ ဖြစ်သင့်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။
ယမန်နေ့ လူထုနှီးနှောဖလှယ်ပွဲသည် ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့တွင်လည်း ပထမဆုံးအကြိမ် အဖြစ် ကျင်းပခဲ့သေးသည်။
No comments:
Post a Comment