Tuesday, October 20, 2009

ဗိုလ်ချုပ်ကြီးသိန်းစိန် အာဆီယံ အစည်းအဝေး တက်မည်

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ အောက်တိုဘာလ 19 ရက် 2009 ခုနှစ် 17 နာရီ 36 မိနစ်


မဇ္ဈိမ (ချင်းမိုင်) ။ ။ ထိုင်းနိုင်ငံ၌ ကျင်းပမည့် ၁၅ ကြိမ်မြောက် အရှေ့တောင် အာရှနိုင်ငံများအသင်း-အာဆီယံ ထိပ်သီး အစည်းအဝေးကို မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တက်ရောက်မည် ဖြစ်သည်။

ဗိုလ်ချုပ်ကြီးသိန်းစိန်သည် “ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အပီဆစ် ဝဲ့ချာချီဝ၏ ဖိတ်ကြားချက်အရ” ထိုင်း နိုင်ငံတောင်ပိုင်း ဟွာဟင်းမြို့တွင် ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်မည် ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။

၂၀၀၇ ခု အာဆီယံအစည်းအဝေးကို နောက်ဆုံး တက်ရောက်ခဲ့ပြီးနောက် ယခု ၂၀၀၉ ခုတွင် ပြန်လည် တက်ရောက်လာခြင်းလည်း ဖြစ်သည်။

စစ်အစိုးရ၏ နိုင်ငံတကာ သံရေးတမန်ရေး မျက်နှာစာတွင် ရာထူး အမြင့်ဆုံးသူအဖြစ် ယခင်လ ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ တက်ရောက်ခဲ့ပြီးနောက် ယခုခရီးစဉ်သည် သူ၏ ဒုတိယမြောက် ဖြစ်သည်။

ယင်းကုလ ညီလာခံတွင် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့ အရေးယူမှုများအပေါ် ဝေဖန် ပြောဆိုခဲ့သည်။

၁၉၉၇ ခုတွင် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ကြီး၏ အဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်လာသည်။ စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အဖွဲ့ကြီးသည်လည်း နိုင်ငံတကာ၏ ဝေဖန်မှုများကို ဆက်တိုက်ခံခဲ့သည်။

ယခုလ ၂၃-၂၅ တွင် အာဆီယံ အလှည့်ကျ ဥက္ကဌ ထိုင်းနိုင်ငံက ကမကထပြု ကျင်းပရန်ရှိသည့် အစည်းအဝေးကြီးတွင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ကိစ္စရပ်များလည်း ဆွေးနွေးမည် ဖြစ်သည်။

ယင်းအစည်းအဝေး ပြီးနောက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ သြစတြေးလျား၊ အိန္ဒိယ နှင့် နယူးဇီလန် နိုင်ငံတို့မှ ခေါင်းဆောင်များအကြား ဆွေးနွေးပွဲများ ဆက်လက်ကျင်းပမည် ဖြစ်သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)