Thursday, November 12, 2009

လက်ကျန်ကိုးကန့်တပ်ဖွဲ့အား နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်း

ခိုင်လင်း / ၁၁ နိုဝင်ဘာ ၂၀၀၉


သြဂုတ်လကုန်ပိုင်း၌ ရှမ်းပြည်နယ်၊ အထူးဒေသ(၁)၊ ကိုးကန့်ဒေသအတွင်း အပစ်ခတ်ရပ်စဲရေးပျက်ကာ တိုက်ပွဲများဖြစ်ပြီးနောက် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့မှ လက်ကျန်တပ်ဖွဲ့ဝင်များအား နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး တပ်ရင်းဖွင့်ပွဲအဖြစ် မကြာမီ တရားဝင်အခမ်းအနား ပြုလုပ်ရန်ရှိနေသည်။

ယခုလ (၂) ရက်တွင် ကိုးကန့်တပ်ဖွဲ့မှ အရာရှိ (၁၅) ဦး၊ အရာခံဗိုလ်၊ ဒု-အရာခံဗိုလ်၊ တပ်ကြပ်ကြီး၊ တပ်ကြပ်၊ ဒုတပ်ကြပ် (၈ဝ) ခန့်နှင့် တပ်သား (၂ဝဝ) ခန့်ပါဝင်ပြီး နအဖတပ်ဘက်မှ အင်အား (၃ဝ) ခန့်ပါဝင်ကာ အမှတ် (၁ဝဝ၆) နယ်ခြားစောင့်တပ်ရင်းကို ဖွဲ့စည်းခဲ့သည်ဟု ကိုးကန့်တပ်ဖွဲ့ ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “အဲဒီလိုဖွဲ့လိုက်တာက ယေဘုယျ သဘောပဲရှိသေးတယ်။ တရားဝင် အခမ်းအနားတွေနဲ့ လုပ်ဖို့ရှိတယ်။ ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နဲ့ မင်းအောင်လှိုင်တို့တောင် အဲဒီပွဲလာတက်ဖို့ ရှိနေတယ်။ အသက် (၅ဝ) ကျော် တွေနဲ့ ကျန်တဲ့သူတွေကိုတော့ ပြည်သူ့စစ်အနေနဲ့ ဖွဲ့ပေးဖို့ ရှိနေတယ်။ အဲဒါ စီစဉ်နေတုန်းပဲ။ ဘယ်လို ဖြစ်လာမယ် မသိသေးဘူး” ဟု ကိုးကန့်တပ်ဖွဲ့ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။

၁၉၈၉ ခုနှစ်၊ မတ်လတွင် ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ကာ နအဖစစ်အစိုးရ နှင့်အပစ်ခတ်ရပ်စဲရေးပြုလုပ်ခဲ့ပြီး ယခုနှစ်၊ ဧပြီလ (၂၈) ရက်တွင် ကိုးကန့်တပ်ဖွဲ့အပါအဝင် အပစ်ခတ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် နအဖဘက်မှ ကမ်းလှမ်းခဲ့သည်။

ကိုးကန့်တပ်ဖွဲ့က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံသည့်နောက်ပိုင်း ဥက္ကဋ္ဌ ဖုန်ကြားရှင်နှင့်မိသားစုအား လက်နက်ထုတ်လုပ်သည့်ကိစ္စဖြင့် ဖမ်းဆီးရန် နအဖဘက်က ကြိုးပမ်းခဲ့ရာမှ အပစ်ခတ်ရပ်စဲရေးပျက်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကိုးကန့်နယ်မြေအား နအဖတပ်များ၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။

နအဖက ဒု-ဥက္ကဋ္ဌ ဖြစ်သူ ပိုင်စုံချိန်အား လက်ကျန်ကိုးကန့်တပ်ဖွဲ့အား ခေါင်းဆောင်ခိုင်းကာ ကိုးကန့်ဒေသ ယာယီဦးစီးကော်မတီ အဖွဲ့ ဖွဲ့စည်းပေးခဲ့သည်။

ယခုလ (၈) ရက်တွင် ကချင်ပြည်ဒီမိုကရေစီသစ် တပ်မတော်အား နယ်ခြားစောင့်တပ်ရင်း (၃) ရင်းဖြင့်လည်းကောင်း၊ ကယားပြည်နယ်၊ အထူးဒေသ (၂) ကလလတ အဖွဲ့အား နယ်ခြားစောင့်တပ်ရင်း (၂) ရင်းဖြင့်လည်းကောင်း ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ဒေသဆိုင်ရာ စစ်တိုင်းမှူးများ၊ ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌအပါအဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အရာရှိများ တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)