ပေါက်ပေါက် / ၁၀ နိုဝင်ဘာ ၂၀၀၉
ယခုလ (၈) ရက်တွင် ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော် (အန်ဒီအေကေ) ဌာနချုပ်ရှိရာ တရုတ်-မြန်မာနယ်စပ် ပန်ဝါမြို့တွင် နယ်ခြားစောင့်တပ်ရင်း၌ တာဝန်ယူမည့်သူများအား ရာထူးအဆင့်ပေးအပ်သည့် အခမ်းအနား ပြုလုပ်ခဲ့သည်။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်း၊ နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် အဖွဲ့ တက်ရောက်ခဲ့ပြီး အန်ဒီအေကေ တပ်ဖွဲ့ဝင်များအား ဗိုလ်မှူး၊ ဗိုလ်ကြီး၊ ဗိုလ်၊ ဒု-ဗိုလ်နှင့် အခြားအဆင့်ရာထူးများအား ပေးအပ်ခဲ့သည်ဟု အမည်မဖော်လိုသည့် နယ်ခြားစောင့်တပ်တွင် တာဝန်ထမ်းဆောင်မည့် အန်ဒီအေကေအရာရှိတဦးက ပြောသည်။
၎င်းက “အခုတော့ အန်ဒီအေကေ မဟုတ်တော့ဘူးပေါ့ဗျာ၊ နယ်ခြားစောင့်တပ်ဖြစ်သွားပြီပေါ့။ အသက် (၅ဝ) ကျော်တွေကတော့ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆက်လုပ်ကြမယ်။ ကျနော်တို့ ဥက္ကဋ္ဌ ဆခုံတိန့်ယိန်းပဲ တာဝန်ယူမယ်။ ဆက်သွယ်ရေးတို့၊ ရုံးလုပ်ငန်းတွေအတွက်ပဲ နိုင်ငံတော်အစိုးရက စေလွှတ်တဲ့သူတွေ တာဝန်ယူမှာပေါ့။ တပ်ရင်းမှူးတွေကတော့ ကျနော်တို့ဆီကပဲ တာဝန်ယူသွားမှာပါ။ ကိုယ့်ခြေ ကိုယ့်လက်ပေါ့” ဟု ပြောသည်။
တပ်ရင်း (၃) ရင်းဖြင့် ဖွဲ့စည်းသွားပြီး တပ်ရင်းအမှတ် (၁ဝဝ၁) ကို ချီဗွေမြို့အရှေ့မြောက်ဘက်၊ ဖီမော်ကျေးရွာ အနီးတွင်လည်ကောင်း၊ တပ်ရင်းအမှတ် (၁ဝဝ၂) ကို ပန်ဝါနှင့် ချီဗွေအကြား လုပိကျေးအနီးတွင်လည်းကောင်း၊ တပ်ရင်းအမှတ် (၁ဝဝ၃) ကို ဆဒုံးမြို့နယ်ခွဲ၊ ကန်ပိုက်တီးကျေးရွာအနီး စင်းကျိုင်တွင်လည်းကောင်း တပ်နေရာ ချထားရန်ရှိပြီး လစာငွေများကိုလည်း ယခုလမှစတင်ကာ ထုတ်ပေးမည်ဟု အန်ဒီအေကေ အရာရှိက ပြောသည်။
၎င်းက “ကျနော်တို့က ဟိုတုန်းကတည်းက နိုင်ငံတော်ဝန်ထမ်းတွေပဲ။ နိုင်ငံတော်ကနေ အထူးရဲအနေနဲ့ လစာငွေ ထုတ်ပေးနေတာပဲ။ ငြိမ်းချမ်းရေးစယူကတည်းက ဒီလိုပဲ လစာငွေ ပေးပါတယ်။ တပ်သားဆို (၅) သောင်းလောက်ရမယ်လို့ ပြောနေတယ်။ မထုတ်ပေးသေးဘူး” ဟု ပြောသည်။
ယခုကဲ့သို့ ကျပ် (၅) သောင်းအထိလစာပေးမည်ဖြစ်သကဲ့သို့ အသက် (၅ဝ) ကျော်သူများအား အနားပေးရန် စီစဉ်ခဲ့သော်လည်း တပ်ဖွဲ့အတွင်း လုပ်နိုင်ကိုင်နိုင်သေးသည့် အသက် (၅ဝ) ကျော် အရာရှိများအား လက်လွတ်စပယ် မဖြစ်စေချင်သည့်အတွက် ယခုကဲ့သို့ လိုက်လျောမှုများ လုပ်ထားခြင်းဖြစ်သည်ဟု အကဲခတ်များက ခန့်မှန်းကြသည်။
အန်ဒီအေကေအဖွဲ့သည် ဗွေဆော်ဦး နယ်ခြားစောင့်တပ်ကို လက်ခံလိုက်သည့်အဖွဲ့ဖြစ်ပြီး ကျန်သည့်အဖွဲ့များလည်း အလားတူ လက်ခံနိုင်ရန် စည်းရုံးသည့်အနေဖြင့် နအဖဘက်က ယာယီလုပ်ဆောင်နေခြင်းသာ ဖြစ်နိုင်သည်ဟု တရုတ်-မြန်မာ စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။
၎င်းက “တိန့်ယိန်းကို တပ်ကနေ အမတ်တက်လုပ်မယ့် (၂၅) ရာနှုန်းထဲတောင် ပေးရင် ပေးနိုင်မယ်။ ကေအိုင်အိုတို့ကလည်း တောင်းဆိုထားတာတွေ ရှိတယ်ဆိုတော့။ အခုလောလောဆယ်တော့ သူတို့တွေကို လိုက်လျောတာတွေ လုပ်ပေးနိုင်မှာပဲ။ ကျန်တဲ့အဖွဲ့ကို စည်းရုံးတဲ့အနေနဲ့။ နောက်တက်မယ့် အစိုးရလက်ထက်ကျရင် ဒါတွေ ဖြစ်လာချင်မှ ဖြစ်လာနိုင်တော့မှာပါ” ဟု ပြောသည်။
No comments:
Post a Comment