Friday, November 13, 2009

မယ်လဒုက္ခသည်စခန်းမှ လူသစ်များကို စိစစ်တော့မည်

ရဲရင့် / ၁၃ နိုဝင်ဘာ ၂၀၀၉

မြန်မာနိုင်ငံအရပ်ရပ်မှ လာရောက်ကာ မယ်လဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် အသစ်ထပ်မံရောက်ရှိလာသူ (၂၃,၀၀၀) ကို တရားဝင်ဒုက္ခသည်အဖြစ် အသိအမှတ်ပြုနိုင်ရေးအတွက် ရှေ့လမှစ၍ စိစစ်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။

ထိုသို့စိစစ်ခြင်းခံရမည့်သူများမှာ ၂၀၀၆ ခုနှစ်မှစတင်ကာ ယခုနှစ်ကုန်ပိုင်း အထိ မယ်လဒုက္ခသည်စခန်းသို့ ရောက်ရှိလာသူများ ဖြစ်ပြီး ၎င်းတို့အနက် စစ်ပြေးဒုက္ခသည်များ၊ သာမန်စားဝတ်နေရေး ကျပ်တည်းမှုကြောင့် လာရောက်သူများ၊ အမေရိကန်နှင့် တတိယနိုင်ငံတခုခုသို့ စခန်းမှတဆင့် သွားရောက်နိုင်ရန် အိုးအိမ်ခြံမြေရောင်းချပြီး လာရောက်သူများ ပါရှိသည်ဟု စခန်းတာဝန်ရှိသူတဦးက ပြောသည်။

တရားဝင်ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်း မခံရမီကာလတွင် ၎င်းတို့စခန်းတွင်း ရပ်တည်နိုင်ရေးအတွက် ဒုက္ခသည်များကို အခြေခံစားကုန်များ ကူညီပေးနေသည့် ထိုင်း-မြန်မာနယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေးညွန့်ပေါင်းအသင်း (TBBC) အဖွဲ့က အကူအညီပေးထားခြင်းဖြစ်သည်။

မကြာခင်ပြုလုပ်မည့် စိစစ်မှုကို ထိုင်းပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ ခရိုင်ဆိုင်ရာဝင်ခွင့်ပြုရေးဘုတ်အဖွဲ့ (PAB) က စစ်ဆေးမည်ဖြစ်ပြီး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က လေ့လာသူအဖြစ် ပါရှိမည်ဖြစ်သည်။

ထိုသို့ စိစစ်မှုပြုလုပ်ပြီး ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရသူများကို ထိုင်းဘက်မှလက်ခံမည်ဖြစ်ပြီး ငြင်းပယ်ခံရသူများကို ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံဘက် ပြန်ပို့မည်ဟု မယ်လစခန်းမှ အရာရှိတဦးက ပြောသည်။

“တရားဝင် ဒုက္ခသည်အဖြစ် သတ်မှတ်ခံရသူတွေဟာ စခန်းအတွင်းမှာ ဆက်လက်နေထိုင်ခွင့်ရမှာဖြစ်ပြီး ဒုက္ခသည်မှတ်ပုံတင်ပါ ရရှိမှာဖြစ်တဲ့အပြင် ဆန္ဒရှိသူတွေအနေနဲ့ တတိယနိုင်ငံတခုခုကို သွားရောက်အခြေချနိုင်တယ်” ဟု ၎င်းက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ မြန်မာဒုက္ခသည်စခန်းအသီးသီးမှ ဒုက္ခသည်များသည် မရိုးသားသည့်နည်းလမ်းများဖြင့် တတိယနိုင်ငံများသို့ ထွက်ခွာမှုများရှိရာတွင် မယ်လဒုက္ခသည်စခန်းမှ (၉၅) ရာခိုင်နှုန်းရှိသည်ဟု UNHCR က ပြောသည်။

အဆိုပါကိစ္စကို UNHCR က စခန်းတွင်းသို့ ၀င်ရောက်စစ်ဆေးနေသဖြင့် မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည်များ အမေရိကန်နိုင်ငံသို့ ထွက်ခွာခွင့်ကို ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်ပြီး ယခုနှစ်ကုန်အထိ ပိတ်ပင်ထားသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ဘန့်တုံယမ်း၊ ထမ်ဟင်၊ နို့ဖိုး၊ အုန်းဖျန်၊ မယ်လ၊ မယ်ရာမို၊ မယ်လာအူးနှင့် ကရင်နီဒုက္ခသည်စခန်း(၂) ခု အပါအ၀င် မြန်မာဒုက္ခသည်စခန်း (၉) ခုရှိပြီး ဒုက္ခသည် (၁၃၀,၀၀၀) ခန့် နေထိုင်လျက်ရှိသည်။
ခေတ်ပြိုင်မှ ကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)