Friday, November 13, 2009

မယ်လအူးစခန်းတွင် တတိယနိုင်ငံလျှောက်သူများ ပထမအဆင့် အင်တာဗျူးလုပ်ပြီ

နိုဝင်ဘာလ ၁၂ရက်။ စောခါးစူးညား (ကေအိုင်စီ)

မယ်လအူးဒုက္ခသည်စခန်းအတွင်း တတိယနိုင်ငံလျှောက်ထားသူများအတွက် ယခု နိုဝင်ဘာလ ၃ရက်နေ့မှစ၍ ၂၀ရက်နေ့အ ထိ ယူအဲန်အိတ်ခ်ျစီအာရ်က ပထမအဆင့် လူတွေ့မေးမြန်းခြင်း စတင်ပြုလုပ်နေပြီဟု ကရင်ဒုက္ခသည်များကော်မတီ (ကေအာ ရ်စီ) တာဝန်ခံ စောတူးတူးက ကေအိုင်စီကို ယနေ့ပြောသည်။

ပြီးခဲ့သည့် မေလနှောင်းပိုင်းနှင့် ဇွန်လအစောပိုင်းတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူ အဲန်အိတ်ခ်ျစီ အာရ်)က မယ်လအူးစခန်း၌ ၂၀၀၅ ခုနှစ်အထိ လူဟောင်း စာရင်းဝင်သူများအားလုံး အမေရိကန်နိုင်ငံသို့ လျှောက်ချင်သူများ အမည်စာရင်း တင်သွင်းကြရန် စာရင်းကောက်ခံခဲ့ပြီးနောက် ယခု အင်တာဗျူး လာရောက်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း စောတူး တူးက ပြောသည်။

သူက “မယ်လအူးမှာ အမေရိကန်နိုင်ငံ လျှောက်ထားသူတွေကတော့ ၂,၄၀၀ ၀န်းကျင်လောက် ရှိမယ်။ အခု သူတို့တွေက အိုပီအီးမှာ ပထမအဆင့် အင်တာဗျူးလုပ်မယ်။ နောက် အဆင့်ကတော့ ဆေးစစ်မယ်။ ဆေးစစ်မှာက မဲဆောက်မှာ လာစစ် မယ်။ ပြီးရင် လာမယ့် ၂၀၁၀ ဇွန်လလောက်မှ ထွက်ရမယ်လို့ ယူအဲန်အိပ်ခ်ျစီအာရ်က ပြောတယ်”ဟု ဆိုသည်။

မယ်လအူးစခန်းနေထိုင်သူ စောညွှန့်အေးက “ကျနော်ကတော့ အရမ်းစိတ်လှုပ်ရှားတယ်။ ကိုယ်က တင်ထားတယ်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် အင်တာဗျူးအောင်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဒီလိုအခွင့်အရေးမျိုးဟာ နှစ်ခါ မရဘူး။ ဒီမှာနေတာနဲ့စာရင် ဟိုမှာရောက်ရင် ကိုယ့်ဘ၀အတွက်ရော၊ ကိုယ့်အနာဂတ်အတွက်ပါ ပိုကောင်းမယ်။ ကိုယ့်အမျိုးသားတခု လုံးအတွက် မကူညီနိုင်ရင်တောင်မှ ကိုယ်နီးစပ်ရာ သူငယ်ချင်းတွေကို ပြန်ကူညီနိုင်မှာပါ”ဟု ပြောဆိုသည်။

အမေရိကန်နိုင်ငံလျှောက်တင်သူများအတွက် ယူအဲန်အိပ်ခ်ျစီအာရ်က အင်တာဗျူးအဆင့်ကို ယခုလအတွင်း ပြုလုပ်ပြီး လာ မည့် ၂၀၁၀ ခုနှစ်မှသာ ဆေးစစ်သည့်အဆင့်ကို တဖန် ဆက်လက်ပြုလုပ်သွားမည်ဟု သိရသည်။

တတိယနိုင်ငံ လျှောက်ထားခြင်းနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံအပြင် ကနေဒါနှင့် ဩစတြေးလျားနိုင်ငံသို့ သွားနှင့်ပြီးသူများ လည်း စခန်းအတွင်း ကျန်ရှိနေသေးသည့် ၎င်းတို့၏ ဆွေမျိုးသားချင်း၊ ညီအစ်ကို မောင်နှမများအား ပြန်ခေါ်ယူမည့်အစီအစဉ် ရှိသည်ဟုလည်း သိရသည်။

ကရင်၊ ကရင်နီ၊ ကချင်၊ ဗမာနှင့် ရှမ်း တိုင်းရင်းသားလူမျိုး စုစုပေါင်း လူဦးရေ ၁၆,၀၀၀ကျော်ရှိသည့် မယ်လအူးဒုက္ခသည် စခန်းတွင် ယူအဲန်အိတ်ခ်ျစီအာရ် အစီအစဉ်ဖြင့် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်အတွင်း ကနေဒါနှင့် သြစတြေးလျားနိုင်ငံသို့ ထွက်ခွာ သူ ၂၈၂ဦးရှိသည်ဟု ကရင်ဒုက္ခသည်စခန်းများကို ကူညီပေးနေသည့် (တီဘီဘီစီ)အဖွဲ့၏ ယမန်နှစ် ဇူလိုင်မှ ဒီဇင်ဘာလ အစီ ရင်ခံစာတွင် ဖော်ပြထားသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)