Saturday, November 7, 2009

ဒီကေဘီအေ ထိန်းချုပ်နယ်မြေတွင် ဆေးဝါးရှားပါး

အောင်ကျော်မိုး / ၆ နိုဝင်ဘာ ၂၀၀၉

တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ထိန်းချုပ်နယ်မြေတို့တွင် ဆေးရုံများ ဆောက်ထားသော်လည်း ဆေးဝါး မရှိသလောက်ဖြစ်နေသည့်အတွက် ဒေသခံပြည်သူများ အတိဒုက္ခရောက်နေရကြောင်း ဒီကေဘီအေ ဆေးမှူးတဦးက ပြောသည်။

ဒီကေဘီအေ (၉၉၉) အထူးတပ်ရင်း အခြေစိုက်ရာ ရွှေကုက္ကိုကျေးရွာတွင် တာဝန်ကျသည့် ဆေးမှူးတဦးက “ကျနော်တို့ဆီမှာ ဆေးရုံဆိုပြီး အုတ်ညှပ်နဲ့တော့ အဆောက်အဦ ကောင်းကောင်း ဆောက်ထားပါရဲ့။ လူနာတွေအတွက် ဆေးဆိုတာ လုံးဝမရှိသလောက်လို့ ပြောလို့ရတယ်။ အစိုးရဘက်ကလည်း မထောက်ပံ့ဘူး။ ဒီကေဘီအေ တာဝန်ရှိသူတွေကလည်း ငွေရရင် စစ်လက်နက်ပစ္စည်း ဝယ်ဖို့လောက်ပဲ စိတ်ကူးတယ်။ ကိုယ့်တပ်သားမိသားစုတွေ၊ ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေးကိစ္စကိုတော့ လုံးဝထည့်မစဉ်းစားဘူး” ဟု ပြောသည်။

ထိုင်းအခြေစိုက် နိုင်ငံတကာ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များက လည်း အဓိကအားဖြင့် ဒုက္ခသည်စခန်းတို့ကိုသာ ကူညီထောက်ပံ့မှု လုပ်ကြကြောင်း၊ ဒီကေဘီအေဘက်က ပြည်သူများကို အကူအညီပေးရန် ဆန္ဒမရှိကြကြောင်း၊ နိုင်ငံခြားသား အလှူရှင်တယောက်သာ ရွှေကုက္ကိုဆေးရုံကို ဆေးဝါးများ တကြိမ်လှူဒါန်းဖူးကြောင်း၊ အဆိုပါကိစ္စကို စစ်အစိုးရတပ်က တာဝန်ရှိသူများ တွေ့သွားပြီး ယင်းဆေးများ မည်သည့်နေရာက ရသလဲ၊ မည်သည့်အဖွဲ့အစည်း မည်သူတို့က လာလှူသလဲ၊ မည်သူက လက်ခံသလဲ စသဖြင့် စစ်ဆေးမေးမြန်းပြီး နောက်ထပ် လက်ခံခြင်း မပြုရန် ပြောဆိုခြိမ်းခြောက်ကြောင်း အဆိုပါဆေးမှူးက ရှင်းပြသည်။

ရွှေကုက္ကိုကျေးရွာသို့ သွားရောက်ခဲ့ဖူးသည့် ထိုင်းအခြေစိုက် အန်ဂျီအို အဖွဲ့ဝင်တဦးက အဆိုပါ ဒေသအာဏာပိုင်များသည် ပြည်သူ့ကျန်းမာရေးကိစ္စ ဂရုမစိုက်၍ ဆေးဝါးမလုံလောက်သည်မှာ မှန်ကန်ကြောင်း၊ ၎င်းတို့ထံမှ ပြည်သူများသည် နာမကျန်း ဖြစ်ပါက မြန်မာပြည်ဘက်က ဆေးရုံရှိရာ မြို့ သို့မဟုတ် ထိုင်းဘက်အခြမ်း မဲဆောက်ရှိ မယ်တော်ဆေးခန်းတွင် သွားရောက် ဆေးကုသခံကြကြောင်း ပြောသည်။

ဒီကေဘီအေ တပ်ဖွဲ့သည် စစ်အစိုးရစေခိုင်းသည့်အတိုင်း ကေအန်ယူ တပ်ဖွဲ့နှင့် ကရင်အချင်းချင်းကို တိုက်ခိုက်ရန်မျှသာ စိတ်ဝင်စားကြောင်း၊ ထို့ကြောင့် အကောက်အခွန်နှင့် မှောင်ခိုကုန်သွယ်ရေးတို့မှ ရသည့် ငွေကြေးမှန်သမျှ ကိုယ်ကျိုးရှာခြင်း၊ စစ်လက်နက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်းတို့ကိုသာ လုပ်ပြီး ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး ကိစ္စများကို လျစ်လျူရှုထားကြောင်း ဒေသခံပြည်သူများက ဝေဖန်ပြောဆိုနေကြသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)