ဝီရ / ၇ ဇန်န၀ါရီ ၂၀၁၀
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများရှိ အမျိုးသမီးများနှင့် ကလေးငယ်များအား နှိပ်စက်ညှဉ်းပန်းမှုများကို အကာအကွယ် ပေးရန် ထိုင်းနိုင်ငံ ဥပဒေကြောင်းအရ အပြစ်ပေး၊ အရေးယူမှုများ အောင်မြင်မှုရရှိလာကြောင်း ယင်းအမှုများကို လိုက်လံဖြေရှင်း ပေးနေသည့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ (အိုင်အာစီ) က ပြောကြားသည်။
ဒုက္ခသည် အမျိုးသမီးများအပေါ် မုဒိမ်းမှုအပါအဝင် အိမ်တွင်းအကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းပေးရန် မဲဟောင်ဆောင်နှင့် မဲဆောက်ခရိုင်ရှိ ဒုက္ခသည်စခန်း (၂) ခုအတွင်း၌ ၂၀၀၇ ခုနှစ်ကတည်းက တရားဝင်ဖွင့်လှစ်ထားရှိသည့် ထိုင်းဥပဒေသည် စခန်းများအတွင်း၌လည်း သက်ရောက်အကျုံးဝင်မှုရှိသည်ကို အများပြည်သူတို့က သိရှိနားလည်လာကြောင်း အိုင်အာစီက ပြောသည်။
အိုင်အာစီမှ ထိုင်းနိုင်ငံဆိုင်ရာ တာဝန်ခံ Shane Scanlon က “ထိုင်းဥပဒေဟာ ဒုက္ခသည်တွေအတွက်လည်း သက်ဝင်လှုပ်ရှား နေတယ်ဆိုတာ ဒုက္ခသည်တွေရဲ့ စစ်တမ်းအရဆို အရင်က သူတို့ မသိကြသေးဘူး။ ဒါပေမယ့် အခု တဖြည်းဖြည်း ပြောင်းလဲ လာပြီ” ဟု ပြောကြားသည်။
ဒုက္ခသည်စခန်းများတွင် နှစ်ပေါင်းအတန်ကြာ မျှော်လင့်ချက်ကင်းမဲ့စွာ နေထိုင်ရခြင်း၊ အရက်အလွန်အကျွံ သောက်သုံးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း မရှိခြင်းတို့ကြောင့် ဒုက္ခသည်များအကြား နှိပ်စက်ညှဉ်းပန်းမှုဖြစ်စဉ် များပြားလာရခြင်းဖြစ်ကြောင်း အိုင်အာစီက ထောက်ပြထားသည်။
မဲဟောင်ဆောင်ခရိုင် Ban Mai Nai Soi (နိုင်ဆွန်) ကရင်နီဒုက္ခသည်စခန်းတွင် နေထိုင်သူ အမျိုးသမီးတဦးကို ကွာရှင်းထားသည့် လင်ယောက်ျားက နှိပ်စက်ညှဉ်းပန်းမှုကို အိုင်အာစီက ထိုင်းဥပဒေအရ တရားရုံးတွင် ဖော်ထုတ် အရေးယူနိုင်ခဲ့ကြောင်း၊ နှိပ်စက်သူ အဆိုပါအမျိုးသားကို မဲဟောင်ဆောင် ထိုင်းတရားရုံးက ထောင်ဒဏ် (၈) နှစ် ချမှတ်ခဲ့ကြောင်း အိုင်အာစီ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
“ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းထဲက ဒီလိုမှုခင်းမျိုးမှာ ပြစ်မှုထင်ရှားလို့ ထောင်ဒဏ်စီရင်နိုင်ခဲ့တာ စံပြအနေနဲ့ ဖြစ်တယ်။ အလားတူ ပြစ်မှုတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ အောင်မြင်နိုင်ဖို့ ပိုပြီး လမ်းစပွင့်သွားစေပါတယ်” ဟု အိုင်အာစီ တာဝန်ခံက ပြောသည်။
လူကုန်ကူးမှု၊ ညှဉ်းပန်းသတ်ဖြတ်မှု၊ မုဒိမ်းမှုကဲ့သို့သော ပြစ်မှုတို့ကြောင့် အလားတူ အကာအကွယ်လိုအပ်နေသည့် ဒုက္ခသည်ပေါင်း (၁,၀၀၀) ကျော်ကိုလည်း အိုင်အာစီက ၎င်းတို့၏ အကူအညီပေးရေးရုံးများတွင် စောင့်ရှောက်ထားကြောင်း သိရသည်။
ယင်းကဲ့သို့ ပြစ်မှုများကို ဒုက္ခသည်စခန်းများတွင် လိုက်လံစုံစမ်းနိုင်ရန် ဒုက္ခသည် အမျိုးသမီး (၁၅) ဦးကိုလည်း ပညာပေး အစီအစဉ်များနှင့် ဖိနှိပ်ခံရသူများအတွက် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ လုပ်ဆောင်ရန် အိုင်အာစီက ခန့်အပ်ထားရှိသည်။
နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ (အိုင်အာစီ) သည် ၁၉၃၃ ခုနှစ်မှစ၍ ကမ္ဘာတလွှား အကြမ်းဖက်မှုနှင့် ဖိနှိပ်မှု ပြဿနာ အရပ်ရပ်ကြောင့် အတိဒုက္ခရောက်နေသူများနှင့် ဒုက္ခသည်များကို လူသားချင်း စာနာထောက်ထားရေး အကူအညီများနှင့် ၎င်းတို့၏ဘ၀ရည်မှန်းချက်များ ပြည့်ဝစေရေးအတွက် ကူညီဖြည့်ဆည်းပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။
No comments:
Post a Comment