Friday, January 8, 2010

သတင်းပေါက်ကြားမှုဖြင့် ထိန်းသိမ်းထားသူများကို သေဒဏ်ပေးပြီ

Thursday, 07 January 2010 19:42 ရန်ပိုင်

စစ်အစိုးရ၏ လျှို့ဝှက်သတင်းများပေါက်ကြားမှုကြောင့် ထိန်းသိမ်းထားသည့် စစ်တပ်အရာရှိဟောင်း ဗိုလ်မှူးဝင်းနိုင်ကျော်ကို အင်းစိန်ထောင်တွင် ယနေ့ သေဒဏ်နှင့်ထောင်ဒဏ် အနှစ်၂၀ ချမှတ်လိုက်ကြောင်း သိရသည်။

ဗိုလ်မှူးဝင်းနိုင်ကျော်အား အရေးပေါ်စီမံချက်အက်ဥပဒေ ပုဒ်မ ၃ အရ သေဒဏ်၊ အီလက်ထရွန်နစ် ပုဒ်မ ၃၃/ခ အရ ထောင် ဒဏ် ၁၅ နှစ်၊ အစိုးရနှင့်သက် ဆိုင်သော စာရွက်စာတမ်းများ ပေါက်ကြားမှု ပုဒ်မ ၆/၃ အရ ထောင်ဒဏ် ၂ နှစ်၊ တရားမ၀င်နိုင်ငံခြား ငွေကြေးကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း သေဒဏ်နှင့် ထောင်ဒဏ် အနှစ်၂၀ ကို ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးမှ အမိန့်ချမှတ်လိုက်ကြောင်း စစ်တပ်အသိုင်းအ၀ိုင်းက ပြောသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဥရောပရေးရာဌာန အကြီးတန်း စာရေးများ ဖြစ်သည့် ကိုသူရကျော် (ခ) အောင်အောင် ကိုလည်း အရေးပေါ်စီမံချက် အက်ဥပဒေ ပုဒ်မ ၃ အရ သေဒဏ်နှင့် အီလက်ထရွန်နစ် ပုဒ်မ ၃၃/ခ အရထောင်ဒဏ် ၁၅ နှစ် စုစုပေါင်း သေဒဏ်နှင့် ထောင်ဒဏ် ၁၅ နှစ်၊ ကိုပျန်စိန်(ခ) ကိုအစီးအား အီလက်ထရွန်နစ်ပုဒ်မ ၃၃/ခ အရထောင်ဒဏ် ၁၅ နှစ် အသီးသီးချမှတ်ခြင်း ခံခဲ့ရကြောင်းသိရသည်။

ယခုပြစ်ဒဏ်ပေးခံရသူများသည် စစ်အစိုးရ၏ လျှို့ဝှက် စီမံကိန်းများဖြစ်သည့် နျူကလီးယား ဓာတ်ပေါင်းဖိုစီမံကိန်း၊ မြေအောက် လိုဏ်ခေါင်းများ ဖောက်လုပ်ရေး စီမံကိန်း၊ လျှို့ဝှက်သွားရောက်ပြီး လက်နက်ဝယ်ယူခဲ့သည့် မြောက်ကိုရီးယားခရီးစဉ်၊ ရုရှား၊ အိန္ဒိယခေါင်းဆောင်များနှင့် လျှို့ဝှက် ဆွေးနွေးခဲ့သည့်မှတ်တမ်းများနှင့်ပတ်သက်ပြီး မီဒီယာများထံပေါက်ကြားခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်က အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

ဗိုလ်မှူး ၀င်းနိုင်ကျော်သည် ရဟတ်ယာဉ် ပျက်ကျပြီး ကွယ်လွန်ခဲ့သူ စစ်အစိုးရအဖွဲ့ အတွင်းရေးမှူး( ၂ ) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး၏ ကိုယ်ရေးအရာရှိနှင့် ထောက်လှမ်းရေးအရာရှိအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်၊

ယခင်က ၎င်းနှင့်အတူ စစ်အစိုးရ ရုံး ညွန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းပါ အဖမ်းခံခဲ့ရပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၀န်ထမ်းတချို့လည်း အရေးယူခံရမှုများရှိကြောင်း သိရသည်။
ဧရာဝတီမှ ကူးယူဖေါ်ပြသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)