Friday, January 8, 2010

ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော် လုံခြုံရေးတင်းကျပ်

ခိုင်လင်း / ၇ ဇန်န၀ါရီ ၂၀၁၀

ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော် ကျင်းပနေသည့် မြစ်ကြီးနားမြို့၊ မနောကွင်းအတွင်း လုံခြုံရေး ယခင်နှစ်များထက် ပိုမိုချထားသည်။

ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်အား ယခုလ (၅) ရက်မှ (၁၁) ရက်နေ့အထိ ကျင်းပရန်ရှိနေရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံ မြစ်ကြီးနားတပ်နယ်၊ စစ်ဗျူဟာရုံးကို ပွဲခင်းအတွင်း ဖွင့်လှစ်ထားပြီး တပ်ရင်း(၃) ရင်းအား လုံခြုံရေးချထားသည်ဟု ပွဲခင်းသို့ သွားရောက်ခဲ့သည့် မြစ်ကြီးနားမြို့ခံက ပြောသည်။

၎င်းက “ပွဲခင်းက နှစ်ခြမ်းရှိတယ်။ အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်း၊ အဲဒီမှာ လမ်းနဲ့ အဆောက်အဦ ခြားထားတာပေါ့။ အရှေ့ဘက်ခြမ်းမှာ မနောတိုင်တွေ ရှိတယ်။ အဲဒီဘက်မှာ ဗျူဟာရုံး ဖွင့်ထားတယ်။ တပ်ရင်း (၂) ရင်းရှိတယ်။ အနောက်ဘက် မှာက ဈေးတန်းတွေ ရှိတယ်။ လယ်ကွင်းတွေ ရှိတဲ့ဘက်ပေါ့။ အဲဒီမှာက တပ်ရင်း (၁) ရင်း ရှိတယ်။ နေရာတကာ သူတို့တွေချည်းပဲ။ မနှစ်က အဲလိုမရှိဘူး” ဟု ပြောသည်။

ယခုနှစ်တွင် ပွဲတော်ရက်အတွင်း ကချင်ဘာသာဖြင့် ထုတ်ဝေနေသည့် နေ့စဉ်သတင်းစာများကို မပခစစ်ရုံး၏ ခွင့်ပြုချက်ဖြင့်သာ ထုတ်ဝေရမည်ဖြစ်ပြီး ကချင်ပြည်လွတ်လပ်ရေး (ကေအိုင်အို) အဖွဲ့အနေဖြင့်လည်း အင်အားအနည်းငယ်သာ တက်ရောက်ရန် ရှိကြောင်း ပွဲကျင်းပရေးကော်မတီနှင့် နီးစပ်သည့် ဒေသခံတဦးက ပြောသည်။

၎င်းက “ဒီနှစ်က ကေအိုင်အိုအဖွဲ့က (၁ဝဝ) လောက်ပဲ တက်တော့မယ်လို့ ပြောတယ်။ မနှစ်က သူတို့အဖွဲ့ (၁,ဝဝဝ) လောက် တက်တယ်။ အားလုံး စစ်ယူနီဖောင်းတွေနဲ့။ တကွင်းလုံး စိမ်းနေတာပဲ။ ဒီနှစ်တော့ အဲလို မရှိတော့ဘူး။ ဦးဆခုံတိန့်ယိန်းတို့ နယ်ခြားစောင့်တပ်တွေတော့ ရောက်နေပြီ။ သူတို့ကတော့ ယူနီဖောင်းနဲ့ တက်ရမှာတဲ့။ မနောအကတွေကတော့ မနက်ဖြန် စကမယ်။ ဒီနေ့က တိုင်းရင်းသားအဖွဲ့တွေ ဝတ်စုံပြည့် ကကြတယ်။ ရီဟာဇယ် လုပ်တဲ့သဘောမျိုးပဲ” ဟု ပြောသည်။

ယမန်နှစ်က ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော် ကျင်းပနေစဉ် ပွဲခင်းအတွင်း အစိုးရဆန့်ကျင်ရေး စာရွက်များဖြန့်ဝေခြင်း၊ စာကပ်ခြင်းများ ဖြစ်ပွားခဲ့ပြီး ယခုနှစ်တွင် ကေအိုင်အိုအနေဖြင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနှင့်ပတ်သက်၍ နှစ်ဘက်အကြား သဘောထားကွဲနေခြင်းကြောင့် ယခုကဲ့သို့ လုံခြုံရေး တင်းကျပ်ခြင်း ဖြစ်နိုင်သည်ဟု မြစ်ကြီးနား ဒေသခံများက ပြောသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)