မြန်မာစစ်တပ်မှ စစ်ဘက်ရေးရာလုံခြုံရေးအကြီးအကဲ (စရဖ) ဒု ဗိုလ်ချုပ်ကြီးရဲမြင့်သည် ၀ ပြည်သွေးစည်းညီညွတ်ရေး ပါတီ၏ နယ်ခြားစောင့်တပ်ကိစ္စ ဆွေးနွေးရန် ဖိတ်ကြားချက်ကို ပျက်ကွက်ခဲ့ကြောင်းသိရသည်။
ဖေဖေါ်ဝါရီ ၁၁ ရက်နေ့ တွင် ၀ တပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချမ်းအား ဖေဖေါ်ဝါရီလ ၁၄ ရက် လားရှိုးမြို့သို့ သွားရောက်ရန် နေပြည်တော်မှတဆင့် ဖုန်းဆက်အကြောင်းကြားရာတွင် ၀ တပ်ဖွဲ့က ငြင်းဆန်ခဲ့သည်။
ထို့နောက် ဒု ဗိုလ်ချုပ်ကြီးရဲမြင့်အား ၀ တပ်ဖွဲ့ဋ္ဌာနချုပ်ရှိရာ ပန်ဆန်းမြို့သို့ ဖေဖေါ်ဝါရီ ၂၀ ရက်နေ့တွင် သွားရန် ၀ တပ်ဖွဲ့က ပြန်လည်ဖိတ်ကြားခြင်းဖြစ်ကြောင်း ၀တပ်ဖွဲ့နှင့်နီးစပ်သူက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“၁၁ ရက်နေ့မှာ လှမ်းဖိတ်တယ်၊ ဥက္ကဋ္ဌ ပေါက်ယူချမ်းကို ၁၄ ရက်နေ့ လားရှိုးလာဖို့၊ ၀ က မလာနိုင်ဘူးလို့ ပြော လိုက် တယ်၊ ၂၀ ရက်နေ့ ပန်ဆန်းမှာတွေ့ဖို့ လာခဲ့ပါလို့ ပြန်ဖိတ်လိုက်တယ်။ ၀ ပြောထားတဲ့ အစီအစဉ်အတိုင်း ၂၀ ရက်နေ့ ပန်ဆန်းကို ဗိုလ်ရဲမြင့်ရောက်မလာဘူး” လို့ သူက ပြောသည်။
နယ်ခြားစောင့်တပ်ကိစ္စ တွေ့ဆုံဆွေးနွေးမည့်အရေးတွင် ၎င်းတို့နှစ်ဘက်မကျေမလည်ဖြစ်နေပြီး ငြိုးသူရန်ဘက်များ သဖွယ် တစ်ဖက်၏ အစီအစဉ်ကို တစ်ဖက်က အပြန်အလှန် ပယ်ချနေကြသည်။
ယခုနှစ်ဆန်းပိုင်းကစ၍ နယ်ခြားစောင့်အရေးဆွေးနွေးရန် မြန်မာစစ်တပ်၏ကမ်းလှမ်းမှု ၃ ကြိမ်စလုံးကို ၀ တပ်ဖွဲ့ က ငြင်းဆန်လိုက်ပြီး မြန်မာစစ်တပ်ကလည်း ၀ တပ်ဖွဲ့၏ ယခု အစီအစဉ် ကို ပယ်ချလိုက်ပြန်သည်။
“ပန်ဆန်းကို ဗိုလ်ရဲမြင့်မသွားဘူးလို့ အကြောင်းကြားပြီးပြီ၊ သူတို့ ဒီကြားထဲမှာတော့ ထပ်ချိန်းမှာပဲတွေ့ဖြစ်မယ်။ မတွေ့ဖြစ်ဘူးဆိုတာတော့ မရေရာသေးဘူး ” လို့ သူက ဆက်ပြောသည်။
ဝ တပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချမ်းက မြန်မာစစ်တပ်၏ ဖိတ်ကြားသည့် နေရာသို့ မသွားရောက်နိုင်ခြင်းမှာ ကျန်းမာရေး မကောင်း၍ ဖြစ်ကြောင်း သိရသည်။
မြန်မာစစ်တပ်၏နယ်ခြားစောင့်တပ်ပြောင်းလဲရေးအဆိုကို ၀ တပ်ဖွဲ့က အချက် ၉ ချက် ကန့်သတ်ချက် တောင်းဆိုမှု ကိုဆုပ်ကိုင်၍ ငြင်းဆန်ခဲ့သော်လည်း မြန်မာစစ်တပ်က အကြွင်းမဲ့ နယ်ခြားစောင့်တပ်ဖြစ်ရေးကိုသာ ဖိအားပေးနေသည်။
ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP တွင် တိုက်ခိုက်ရေးတပ်ဖွဲ့ဝင် အင်အား ၃ သောင်းဝန်းကျင်ရှိပြီး ၁၉၈၉ ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ကာ မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေးယူခဲ့သည်။
No comments:
Post a Comment