Saturday, February 27, 2010

ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှုကို ဗဟိုတရားရုံးချုပ်မှ ပယ်ချ

NEJ/၂၆ ဖေဖော်ဝါရီ ၂ဝ၁ဝ



နေအိမ်အကျယ်ချုပ်ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်အထူးတရားရုံးမှ ပြစ်ဒဏ်ချမှတ်မှုကို အယူခံတင်သွင်းထားသော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက်အား ဗဟိုတရားရုံးချုပ်မှ ယနေ့ ပယ်ချလိုက်ကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

“ဒီနေ့ မနက် (၁၀) နာရီက စီရင်ချက်ချလိုက်ပါတယ်။ ဒေါ်စုတင်သွင်းထားတဲ့ သူရဲ့အမှုရယ်၊ သူ့ရဲ့ လက်ထောက် (၂) ဦးရဲ့ အမှုရယ် (၂) မှုစလုံးကို ပယ်လိုက်ပါတယ်။ အဲဒီမှာကတော့ ရန်ကုန်တိုင်းတရားရုံးက သုံးသပ်ခဲ့တဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အချက်အလက်တွေဟာ ဒီအမှုမှာ မလိုအပ်ဘူးတဲ့။ ဒါကြောင့် အဲဒါကို ပယ်ဖျက်တယ်တဲ့။ အဲလိုအမိန့်ချတယ်။ အဲဒီမှာ အစိုးရဘက်က တင်တဲ့ ပြင်ဆင်မှု တမှုရှိတယ်။ ဒေါ်စုတို့အပေါ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်အထူးတရားရုံးမှ ချမှတ်ခဲ့သော အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ်အမှု၊ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူနေ ဒေါ်ခင်ခင်ဝင်း၊ မ၀င်းမမတို့အပေါ် အလားတူပြစ်ဒဏ်များ ချမှတ်မှုနှင့် အစိုးရဘက်မှ တင်သည့်အမှုတခု စုစုပေါင်း (၃) မှုကို ဗဟိုတရားရုံးချုပ်တွင် ပြီးခဲ့သည့် ဇန်န၀ါရီ (၁၈) ရက်၌ နှစ်ဘက်လျှောက်လဲချက် အပြီးသတ်တင်သွင်းပြီးဖြစ်ကာ ယနေ့ စီရင်ချက် ချမှတ်ခြင်းဖြစ်သည်။

ယင်းသို့ စီရင်ချက်ချမှတ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တင်သွင်းသည့်အယူခံ (၂) မှုကို ပယ်ချခဲ့ခြင်းဖြစ်သည်။
ဗဟိုတရားရုံးချုပ်မှ ချမှတ်လိုက်သည့် စီရင်ချက်အပေါ် ဆက်လက်၍ အထူးအယူခံတင်သွင်းသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ပယ်ရတဲ့အကြောင်းက မသိရသေးဘူး။ တရားရုံးချုပ် တရားသူကြီးက စီရင်ချက်ရဲ့အောက်ဆုံးအပိုဒ် အမိန့်ကိုပဲ ဖတ်တာ၊ အပေါ်မှာ ဆွေးနွေးချက်တွေ မဖတ်ဘူး။ အဲဒါ ကျနော်တို့ မသိရသေးဘူး။ ကျနော်တို့ အမှုကို ကော်ပီကူးနေပါတယ်။ ကော်ပီရမှ သူတို့ ကျိုးကြောင်း ဖော်ပြချက် သိရမှာပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော တရားမ၀င် ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုခဲ့ပြီး သြဂုတ် (၁၁) ရက်တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူနေ ဒေါ်ခင်ခင်ဝင်း၊ မ၀င်းမမတို့အပေါ်လည်း အလားတူပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

အင်းစိန်ခရိုင်အထူးတရားရုံးက ယင်းသို့ ပြစ်ဒဏ်များချမှတ်ခဲ့မှုအပေါ် ရန်ကုန်တိုင်းတရားရုံးသို့ အယူခံတင်ခဲ့ရာ တိုင်းတရားရုံးက အောက်တိုဘာ (၂) ရက်တွင် အယူခံအမှုကို ပယ်ချခဲ့သည်။ ထို့အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ဗဟိုတရားရုံးချုပ်သို့ အယူခံပြင်ဆင်ခွင့်ကို တင်သွင်းခဲ့ကြခြင်းဖြစ်သည်။

ရန်ကုန်တိုင်းတရားရုံးတွင် အယူခံအတွက် လျှောက်လဲချက်တင်သွင်းစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ၁၉၇၄ အခြေခံဥပဒေ မရှိတော့ကြောင်း တင်ပြချက်ကို တိုင်းတရားရုံးက မှန်ကန်ကြောင်း ဆုံးဖြတ်ခဲ့သည်။ ထိုသို့ တိုင်းတရားရုံး၏ ဆုံးဖြတ်ချက်ကို မကျေနပ်၍ အစိုးရဘက်မှလည်း အမှု (၁) မှု တင်သွင်းထားခြင်း ဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် နေအိမ်အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်သည်ဟု တရားစွဲဆိုထားမှုသည် ၁၉၇၄ အခြေခံဥပဒေပါ ပုဒ်မများကို ယူသုံး၍ ကန့်သတ်ထားသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ၁၉၇၄ ခုနှစ် အခြေခံဥပဒေ မရှိတော့သည့်အတွက် အဆိုပါ ကန့်သတ်မိန့်များ တရားမ၀င်သကဲ့သို့ ယခု တရားစွဲဆိုချက်သည်လည်း တရားမ၀င်ကြောင်း လျှောက်ထားတင်ပြခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မူလတရားရုံးမှ ချမှတ်ခဲ့သော ထောင်ဒဏ် (၃) နှစ်ကို ထက်ဝက်လျှော့ချလိုက်ပြီး ဆိုင်းငံ့ပြစ်ဒဏ်အဖြစ်ထားရှိကာ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် (၁၈) လ ကျခံစေရန် ပြည်ထဲရေးဝန်ကြီးမှတဆင့် အမိန့်ထုတ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေ ဒေါ်ခင်ခင်ဝင်း၊ မ၀င်းမမတို့ အပေါ်လည်း အလားတူပြစ်ဒဏ်များ ချမှတ်ခဲ့သည်။
အဆိုပါ နေအိမ်အကျယ်ချုပ်သက်တမ်းကို ပြီးခဲ့သည့်မေလမှ စတင်သတ်မှတ်ရာ လာမည့်နိုဝင်ဘာလတွင် သက်တမ်းပြည့်မည် ဖြစ်သည်။
ခေတ်ပြိုင်မှ ကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)