Friday, February 26, 2010

ကရင်အမျိုးသမီး ရွာသူကြီးများ နှိပ်စက် ညှဉ်းပန်းခံရ

Thursday, 25 February 2010 16:40 သန်းထိုက်ဦး

မြန်မာနိုင်ငံမှ ကရင် အမျိုးသမီး ရွာသူကြီး များသည် မြန်မာ စစ်အစိုးရ၏ ညှဉ်းပန်း နှိပ်စက်မှုမျိုးစုံကို ခံနေရကြောင်း ကရင် အမျိုး သမီး အစည်းအရုံး (KWO) က ယနေ့ ပြောဆို လိုက်သည်။

အဆိုပါ KWO က ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ် International Center - IC ခန်းမ၌ ယနေ့ ထုတ်ပြန်သော “ဓားချွန်ကြားမှာ လမ်းလျှောက်သူ” ဟု အမည်ရသည့် အစီရင်ခံစာနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ တရပ်ပြုလုပ်ပြီး ယခုကဲ့သို့ ထုတ်ဖော် ပြောဆို လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်၏ ရာဇ၀တ်မှု ကျူးလွန်မှုများ၊ လူ့ အခွင့်အရေး ချိုးဖောက်မှုများကို အဓိကထားပြီး အစီရင်ခံစာထုတ် ပြန် ထားခြင်း ဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေဖြင့် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စစ်ရာဇ၀တ်မှုများကို ကော်မတီဖွဲ့ ၍ စုံစမ်းစစ်ဆေးရန် တောင်းဆိုထားသည်။

“အမျိုးသမီးတွေက ပြည်သူလူထုကို ခေါင်းဆောင်မှုပေးတဲ့ နေရာမှာ သူတို့ရဲ့ လုံခြုံရေး၊ လိုအပ်တဲ့ စောင့်ရှောက်မှု တွေကို လည်း စစ်တပ်က မနှောင့်ယှက်ဖို့ ကာကွယ်ဖို့လည်း ကျမတို့ လိုလားတယ်”ဟု KWOမှ ပြောရေး ဆိုခွင့်ရှိသူ နော်ဘလူးမင်း နိုက် ဇန်က ပြောသည်။

၁၉၈၀ ခုနှစ်မှ စတင်၍ အမျိုးသား ရွာသူကြီးများက စစ်အစိုးရ၏ နှိပ်စက် ညှဉ်းပန်းခြင်းကို ခံနေရသည့် အတွက် ထွက်ပြေးသွား သဖြင့် ရွာသူကြီး၏ မိန်းမက ဆက်ပြီး တာဝန်ယူခဲ့ရကြောင်း ၎င်းက ရှင်းပြသည်။

စစ်အစိုးရက ရွာသူကြီးများကို သတ်ဖြတ်မှုကြောင့် ကရင် အမျိုးသမီးများကို ရွာသူကြီး အဖြစ်ခန့်ထားပါက အသတ်ခံရခြင်းမှ ကင်း ဝေးမည်ဟု ယူဆ သော်လည်း ယခုကဲ့သို့ အပြောင်းအလဲလုပ်ခြင်းကပင် အမျိုးသမီးများ အပေါ် လူ့အခွင့် အရေး ချိုးဖောက် မှုများ တို့မြင့် လာအောင် တွန်းပို့နေပြီး ညှဉ်းပန်း နှိပ်စက်ခြင်းများ လူသားမဆန်သည့် စစ် ရာဇ၀တ်မှုများကို ကျူးလွန်နေကြောင်း အစီ ရင်ခံစာတွင် ဖော်ပြထားသည်။

ယင်း အစီရင်ခံစာသည် နှိပ်စက်ခြင်း ခံခဲ့ရသည့် ကရင်အမျိုးသမီး ရွာသူကြီး ၉၅ ဦးကို တွေ့ဆုံမေးမြန်း၍ ရေးသားထားခြင်း ဖြစ်သည်။

“ရွာသူကြီး အလုပ်ကို စလုပ်တုန်းက ကြောက်လဲ ကြောက်တယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း မရှိဘူး၊ ဒါပေမယ့် ရွာသူ ရွာ သားတွေ ဒုက္ခ မရောက်စေချင်လို့ ဒီတာဝန်ကို ဆက်ယူခဲ့တာပါ”ဟု ကရင်အမျိုးသမီး တဦး၏ အင်တာဗျူးကို အစီရင်ခံစာ တွင် ဖော်ပြထားသည်။

အမျိုးသမီး ရွာသူကြီးများသည် တိုင်ပေါ် မီးတင်ရှို့သတ်ခြင်း၊ အရှင်လတ်လတ် မီးရှို့ခံရခြင်း၊ အုပ်စုလိုက် မုဒိမ်းကျင့်ခံရခြင်း၊ ကျွန် အဖြစ် ခိုင်းစေခံရခြင်း စသည်တို့ကို ရင်ဆိုင်နေရကြောင်းလည်း ၎င်း အစီရင်ခံစာက ဆိုသည်။

ယင်း အသတ်ခံရသူများသည် မွန်ပြည်နယ် သထုံခရိုင်နှင့် ကရင်ပြည်နယ် ဘားအံ ခရိုင်အတွင်းမှ အမျိုးသားနှင့် အမျိုးသမီး ဒေသခံများဖြစ်၍ ၂၀၀၅ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း စုစုပေါင်း လူဦးရေ ၁၀၀ ကျော် ရှိပြီး အများစုမှာ အမျိုးသမီးများဖြစ်ကြောင်း နော်ဘလူးမင်း နိုက်ဇန်က ပြောသည်။

စစ်ရာဇ၀တ်မှု ကျူးလွန်နေသည့် မြန်မာစစ်တပ်ကို အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံး (ICC) မှ အရေးယူဆောင်ရွက်ရန် ကြိုးစား နေသည့်အတွက် မှတ်တမ်းတင်ထားပြီး အဆင်သင့်ဖြစ်ရန် ရည်ရွယ်ထားကြောင်း ၎င်းက ဆိုသည်။

“အမျိုးသမီး ရွာသူကြီးများ ကိုယ်တိုင် အတိအလင်းပစ်မှတ်အဖြစ် ညှဉ်းပန်း နှိပ်စက် ခံနေရတယ်ဆိုတော့ ဒီ မြန်မာ စစ်အစိုးရ တပ် ရဲ့ လက်အောက်မှာ အမျိုးသမီးများရဲ့ လုံခြုံဘေးကင်းမှု ဘယ်လိုရရှိနိုင်မှာလဲ”ဟု နော်ဘလူးမင်း နိုက်ဇန်က ဆိုသည်။
ဧရာဝတီမှ ကူးယူတင်ဆက်ပါသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)