Sunday, October 3, 2010

စစ်ပြေးတဦးရဲ့ စာ

02 Oct 2010
မိုးမခ သတင်း

တပ်မတော် (လေ) တပ်ကြပ်ကြီးတဦး၊ ပုသိမ်လေတပ်စခန်း
ကျနော်ဟာ တပ်မတော်(လေ) မှာ စစ်မှုထမ်းဆောင်ခဲ့တာ အနှစ် ၂၀ ရှိခဲ့ပါပြီ။ တပ်မတော်မှာ အနှစ် ၂၀ တာဝန် ထမ်းဆောင်ခဲ့သော်လည်း ဘာမှပြောင်းလဲတိုးတက်မှု မရှိခဲ့ပါ။ အခုဆိုရင် ကျနော်ဟာ ကလေး (၄) ယောက် နှင့် ဒုက္ခတွေ ရောက်ပြီး အုပ်ခွဲတပ်ကြပ်ကြီး အဆင့်ဖြင့် စစ်ပြေးဘ၀ကို ရောက်ရှိနေပါပြီ။

ကျနော် ဒုက္ခရောက်ပြီး စစ်ပြေးဘ၀ကို ရောက်ရှိခဲ့ရတာကတော့ ပုသိမ် - လေတပ်စခန်းဌာနချုပ် မှ အုပ်ချုပ်ရေးတပ်မှုး ဒု-ဗိုလ်မှူးကြီး လှညွန့်ရဲ့ ညှင်းပန်းနှိပ်စက်မှုကြောင့် စစ်သက် ၂၀၊ အုပ်ခွဲတပ်ကြပ်ကြီးအဆင့်ဖြင့် စစ်ပြေး ဖြစ်ခဲ့ရပါတယ်။ သူတို့ဟာ ကျနော့်ကို ဓါတ်ဆီ/ဒီဇယ်ဆီ များကို ကိုင်တွယ်ခိုင်းပြီး တပ်မှုးတယောက် သုံးစွဲပိုင်ခွင့်ထက် ပိုမိုသုံးစွဲခဲ့သည့်အပြင် သူတို့ရဲ့ ကိုယ်ပိုင်အရပ်ကားကိုလည်း ဆီအပြည့် ဖြည့်ပေးခဲ့ရပါတယ်။

ဒီလိုနဲ့ ကျနော်ဟာ လကုန်ရင် မိမိရဲ့လစာကို မိသားစုအတွက် မသုံးစွဲရဘဲ၊ အပြင်က ဓါတ်ဆီ / ဒီဇယ်ဆီ များကို ၀ယ်ယူပြီး စာရင်းဇယား ကိုက်ညီအောင် ပြန်လည် ဖြည့်ဆီးပေးခဲ့ရပါတယ်။ ဒီလိုဝယ်ယူပြီး ဖြည့်ပေးခဲ့ရတဲ့အတွက် ဒုဗိုလ်မှုးကြီးလှညွန့်နှင် အလိုတူအလိုပါ ငွေစာရင်းအရာရှိ ဗိုလ်ကြီးဇော်လင်းဦးထံတွင် လစာများကို ကြိုတင်ရောင်းချပြီး ငွေအတိုးကိုလည်း ၂၀ ကျပ် တိုးဖြင့် ဗိုလ်ကြီးဇော်လင်းဦးထံမှ ချေးယူပြီး၊ စာရင်းဇယားကိုက်ညီအောင် လုပ်ပေးခဲ့ရပါတယ်။

ဒီလိုမျိုးမလုပ်ရင် မဖြစ်အောင် သူတို့အရာရှိတွေက အမျိုးမျိုး ဖိအားပေးပြီး ထွက်ပေါက်မရှိအောင် လုပ်ထားပါတယ်။ ကျနော်ဟာ မိမိရဲ့ချွေးနဲစာလစာကို မသုံးစွဲရတဲ့ဘ၀နဲ့ အတိုးငွေသံသရာထဲမှာ မိသားစု ၄ ယောက်ရဲ့ စားဝတ်နေရေးအတွက် ငွေတိုးပေး၊ ချေးယူသုံးစွဲခဲ့ရတဲ့အတွက် အခုဆိုရင် ငွေ ၃၄ သိန်း အကြွေးတင်ခဲ့ရပါတယ်။ လကုန်ရက်ကို ရောက်လာပြီ ဆိုရင်လည်း ဗိုလ်ကြီးဇော်လင်းဦးမှ ကျနော့်ရဲ့ လစာကိုထုတ်ယူပြီးသည့်အပြင် (၂၀ိ-ကျပ်) နှုန်း အတိုးဖြင့်  ချေးငွေကိုလည်း ပြန်လည်တောင်းရမ်းမှာကို မပေးဆပ်နိုင်သဖြင့် စစ်သက် ၂၀ နှစ် ရောက်မှ၊ အုပ်ခွဲ တပ်ကြပ်ကြီးအဆင့်ဖြင့် မိသားစုနှင့် ကလေး ၄ ယောက်ကို မငဲ့ကွက်နိုင်ဘဲ၊ စစ်တပ်မှ ထွက်ပြေးခဲ့ရတဲ့အဖြစ်ဟာ အဲဒီကောင်တွေရဲ့ ယုတ်မာ ရက်စက်မှုကြောင့်ဖြစ်ပါတယ်။

ဒုဗိုလ်မှူးကြီးလှညွန့် နှင့် အလိုတူ အလိုပါ ဗိုလ်ကြီးဇော်လင်းဦး ဟာလည်း စစ်သည်မိသားစုတွေရဲ့ ရိက္ခာငွေများကို ၁ လ ကြိုတင် ထုတ်မပေးဘဲ သိန်း ၆၀ ကျော် လောက်ကို ဘောလုံးတွေလောင်းပြီး အလွဲသုံးစား ပြုလုပ်ခဲ့ကြပါတယ်။

ပုသိမ်လေတပ်စခန်း ဌာနချုပ်မှာ အဲဒီတပ်မှူးနှင့် သူ၏တပည့်ဗိုလ်ကြီးဇော်လင်းဦးတို့၏ ဖိနှိပ်ညှင်းပန်းမှုကြောင့် ဒုက္ခတွေ ရောက်ပြီး စစ်တပ်မှ ထွက်ပြေးကြတဲ့ စစ်သားဟာ ၃ နှစ် အတွင်းမှာ စစ်ပြေး ၁၀၀ နီးပါး ရှိနေပါပြီ။

အထက်အကြောင်းအရာပါ အချင်းဖြစ်ပွားခဲ့ပုံတွေကို စစ်ဘက်မှ အကြီးအကဲများ သိရှိအောင်၊ တပ်မှူးရဲ့ ယုတ်မာပက်စက်မှုတွေကို အမှန်တရားအတိုင်း သိစေချင်လို့ စစ်သည်ရဲဘော်မိသားစုများရဲ့ ကိုယ်စား တင်ပြရခြင်း ဖြစ်ပါတယ်။

ဖြည့်စွက်ပြီး ပြောရရင် တပ်မှူးဟာ လမ်းလျှောက်တာ ခြေသံကျယ်သွားရင်တောင် လှမ်းခေါ်ပြီး ခါးပတ်နဲ့ ရိုက်ပါတယ်။ ။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)