Thursday, October 28, 2010

ရခိုင်လေဘေး အမေရိကန် ကူညီရန်ကမ်းလှမ်း

ခင်ဦးသာ Wednesday, October 27, 2010

ရခိုင်ပြည်နယ် အတွင်းမှ ဂီရိမုန်တိုင်းဒဏ် ခံခဲ့ရသော လေဘေး ဒုက္ခသည်များအား ကူညီပေးရန် အမေရိကန် အစိုးရ၏ ကမ်းလှမ်းချက်ကို ရခိုင်တိုင်းရင်းသား ခေါင်ဆောင်များက ကြိုဆို လိုက်ကြောင်း သိရသည်။


ဂီရိ မုန်တိုင်း တိုက်ခတ်ပြီးနောက်တနေ့ အောက်တိုဘာ ၂၃ ရက်က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အိမ်အမိုးများ လန်၍ တယ်လီဖုန်းတိုင်လဲနေသည့် အပျက်အစီးမြင်ကွင်း(ဓာတ်ပုံ - AP)
“ဒုက္ခရောက်နေသူတွေကို ကူညီမယ်ဆိုတာ ကြိုဆိုသင့်တဲ့အရာပါ။ အမေရိကန်ုဖြစ်စေ၊ ဘယ်နိုင်ငံပဲ ဖြစ်ဖြစ် ကြိုဆိုရမှာပါ၊
အခုအချိန်မှာ ဒုက္ခသည်တွေအတွက် အကူအညီအများကြီး လိုအပ်နေပါတယ်၊ အကူအညီကို လက်မခံဘူးလို့ ငြင်းမယ်ဆိုရင် ဒါဟာ မလုပ်သင့်တဲ့ လုပ်ရပ်လို့မြင်ပါတယ်” ဟု ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တဦးက ဧရာဝတီကို ပြောသည်။

လေဘေးဒုက္ခသည်များအား အမေရိကန် အစိုးရက လူသားချင်းစာနာထောက်ထား၍ အကူအညီပေးသွားရန်ရှိကြောင်း၊ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးမှ တဆင့် ကူညီသွားရန် မြန်မာ စစ်အစိုးရကို ကမ်းလှမ်းထားကြောင်း အောက်တိုဘာ ၂၆ ရက် နေ့တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြားခဲ့သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။

ထိုသို့ အမေရိကန်အစိုးရက ကူညီရန်ကမ်းလှမ်းချက်ကို မြန်မာစစ်အစိုးရ အနေဖြင့် လက်ခံရန် အစီအစဉ် ရှိ မရှိကိုမူ ပြောဆိုရန် ခက်ခဲကြောင်း၊ စစ်အစိုးရသည် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ချိန်ကလည်း အမေရိကန် အပါအ၀င် ပြည်ပ အကူအညီတချို့ကို ငြင်းပယ်ခြင်း၊ ကန့်သတ်ခြင်းများ ရှိခဲ့ကြောင်း ရခိုင်တိုင်းရင်းသား ခေါင်းဆောင်းများက ဆိုသည်။

“ကျနော်တို့ ဒေသခံတွေက အကူအညီပေးနေတာတောင် ကန့်သတ်မှု အမျိုးမျိုးလုပ်နေတာ အမေရိကန်ဆို ပိုတောင်ဆိုးဦးမယ် ထင်တယ်။ လူမှုရေး အသင်းတွေကကူညီတာကိုတောင် ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ပေါင်းပြီးတော့မှ လုပ်ရတယ်။ တချို့ရွာတွေဆို အကူအညီ လုံးဝ မရောက်သေးဘူး” ဟု ကျောက်ဖြူမြို့တွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် နေသူ လူငယ်တဦးက ရှင်းပြသည်။

အောက်တိုဘာ ၂၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ပြည်နယ်အတွင်းမှ ကျောက်ဖြူ၊ မြေပုံ၊ အမ်း၊ ပေါက်တော၊ မာန်အောင်၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ စစ်တွေ စသည့်ဒေသများကို တနာရီလျှင် မိုင် ၁၂၀ ၀န်းကျင်ဖြင့် တိုက်ခတ်ခဲ့သည်။

ထိုဒေသများ၌ သေဆုံးသူ ၈၅ ဦး ရှိနေပြီး လေဘေးဒုက္ခသည် ၇၀၀၀၀ ကျော်ရှိကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ပြည်တွင်း NGO အဖွဲ့များ ထံမှ သိရသည်။

ဂီရိဆိုင်ကလုန်းကြောင့် အိမ်ခြေ ထောင်ပေါင်းများစွာပျက်စီး ဆုံးရှုံးခြင်း၊ စပါးခင်းများ ရေလွှမ်းခံရခြင်း၊ ဆားကွင်းများ ပျက်စီးခြင်း၊ တာတမံများကျိုးသွားခြင်းတို့ ဖြစ်ခဲ့ရပြီး ပြန်လည်ထူထောင်ရေးနှင့် ကူညီထောက်ပံ့ရေး များစွာလိုအပ်မည်ဟု NGO အဖွဲ့ တချို့က ဆိုသည်။

စစ်အစိုးရ၏ ယနေ့ထုတ်ကြေးမုံ သတင်းစာတွင် ရခိုင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဥက္ကဋ္ဌ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးသိန်းနှင့် ၀န်ကြီး ၃ ဦးတို့က လေဘေးသင့် ပြည်သူများအတွက် ဆန်၊ ဆီ၊ စောင်၊ အိုးခွက် စသည့် ပစ္စည်းများ ပေးအပ်နေကြောင်း ရေးသား ဖော်ပြထားသည်။

“လူမှုရေး အဖွဲ့တွေကလှူထားတဲ့ ပစ္စည်းတွေကို ၀န်ကြီးတွေက ပြန်ပေးတာပါ။ ပေးနေတာတွေကို ဗီဒီယိုတွေ ရိုက်တယ်၊ ဓာတ်ပုံတွေရိုက်ယူတယ်။ ၀န်ကြီးတွေလည်း ပြန်သွားရော ပစ္စည်းတချို့ကို ကားနဲ့ပြန်သယ်ယူသွားတယ်” ဟု ကျောက်ဖြူဒေသခံ တဦးက ဆိုသည်။

လေဘေးဒုက္ခသည်များအတွက် အရေးတကြီး လိုအပ်သည်မှာ သောက်သုံးရေနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့ ဖြစ်ကြောင်း၊ ကျောက်ဖြူ မြို့နယ်အတွင်းမှ ကယ်ဆယ်ရေး စခန်းတချို့တွင် အသက်ကြီးသူများနှင့် ကလေးငယ် တချို့သည် ရေသန့်ရှင်းမှု မရှိခြင်းကြောင့် ၀မ်းပျက်၊ ၀မ်းလျှော ရောဂါဖြစ်ပွားနေကြောင်း ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

“နေမကောင်းတဲ့ လူတချို့တော့ရှိပါတယ်။ ဆိုးဆိုးဝါးဝါးတော့ မရှိသေးပါဘူး။ ဒီအတွက် ဆေးဝါးတွေ၊ လိုအပ်တာတွေကို ကူညီဖို့ လုပ်ဆောင်နေပါပြီ။ သက်ဆိုင်ရာ ဒေသ အာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာပါ” ဟု ရခိုင် သဟာရ အသင်း၏ အလုပ်အမှုဆောင် တဦးက ပြောသည်။

လေဘေးသင့် ဒေသများတွင် ရခိုင်လူမှုရေးအသင်းအဖွဲ့များ အပြင်၊ ရန်ကုန်အခြေစိုက် ပြည်တွင်း NGO များ၊ ရခိုင် နိုင်ငံရေး ပါတီများကလည်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်ပေးနေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အစိုးရ၏ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယခုရက်ပိုင်းတွင် လေဘေးသင့် ဒေသများသို့ သွားရောက်ခြင်းမရှိဘဲ ၂၀၀၈ ခုနှစ်က နာဂစ်ဆိုင်ကလုန်းဒဏ်ခံခဲ့ရသည့် ဧရာဝတီတိုင်းအတွင်း သွားရောက် လှည့်လည်နေပြီး နာဂစ်ဖြစ်ချိန် ကလည်း လေမုန်တိုင်း တိုက်ခတ်ပြီး တလကြာမှသာ လေဘေးသင့် ဒေသများသို့ သွားရောက်ခဲ့သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)