Monday, November 1, 2010

ဖင်လန်ရောက် ကရင်နီ အချင်းချင်း လူသတ်မှုဖြစ်

ရေးသားသူ - အောလို တနင်္ဂနွေနေ့, 31 အောက်တိုဘာလ 2010

ဖင်လန်နိုင်ငံ ရိုဗာနီအီမီ (Rovaniemi) မြို့တွင် ရောက်ရှိနေထိုင်သော ကရင်နီလူမျိုး အချင်းချင်း လူသတ်မှုတခု ပြီးခဲ့သည့် ၂၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်ဟု ဖင်လန်ရောက် ကရင်နီများက ပြောသည်။

ဖင်လန်ရောက် ကရင်နီအမျိုးသားတဦး ဖြစ်သော အသက် ၂၃ နှစ် စိုးရယ်သည် ကရင်နီအမျိုးသမီးတဦး ဖြစ်သည့် အသက် ၂၅ နှစ် စူးမယ်ကို သူမ၏ နေထိုင်ရာ တိုက်ခန်းထဲ၌ ၀င်ရောက်ကာ သတ်ခဲ့ခြင်း ဖြစ်သည်။

အသတ်ခံရသည့် အမျိုးသမီး တိုက်ခန်းထဲ၌ မီးလောင်ကျွမ်းခြင်းကို တာဝန်ရှိသူများက လာရောက်ငြိမ်းသတ်စဉ် (ဓါတ်ပုံ-ဖင်လန်ဘာသာဖြင့် ရေးထားသော Lapin Kansa လပ်ပင်း ကန်စာ)

မည်သည့် အကြောင်းကြောင့် ၎င်းအမျိုးသားက ထိုအမျိုးသမီးကို သတ်ခဲ့ခြင်းသည် အတိအကျ မသိရှိရသေးသော်လည်း တာဝန်ရှိ ရဲများက သေဆုံးသူ အလောင်း စစ်ဆေးချက်အရ ကြံစည်မှုသာ ဖြစ်နိုင်သည်ဟု ပြောဆိုကြောင်းကို အသတ်ခံရသူ၏ ညီမတဦးဖြစ်သူ ပြောပြချက်ကို ဖင်လန်ရောက် ကရင်နီအမျိုးသားလူငယ်ရေးရာ ပြောခွင့်ရ စေးရယ်ဒူက ပြောပြသည်။

“အစက သူ့(စူးမယ်) လည်ပင်းကို ကြိုးဖြင့် ချုည်ထားတယ်တဲ့။ နောက်ပြီး ဓါးမြောင်နဲ့ ထိုးတယ်။ ထိုးပြီး မီးနဲ့ ထပ်ရှို့လိုက်တယ်တဲ့။ မီးနဲ့ ရှို့တော့ သူ့ခန္ဓာကိုယ်တပိုင်း လောင်ကုန်ပြီ။ ခေါင်းပဲ ကျန်နေသေးတယ်။ အခန်းလည်း မီးလောင်နေတဲ့ အခါကြမှ လူများ သိသွားတာတဲ့” ဟု ထိုအမျိုးသမီး အသတ်ခံခဲ့ရပုံကို ညီမဖြစ်သူ ပြောပြချက်အရ စေးရယ်ဒူက ပြန်လည်ပြောပြသည်။

ယခု ဖြစ်ပွားသည့် အခင်း အသေးစိတ်သည် မပြီးဆုံးသေးသည့်အတွက် ရဲများက အသတ်ခံရသူ အမျိုးသမီးတဦး၏ အရင်းနှီးဆုံး သူငယ်ချင်း နှစ်ဦးမှ လွဲ၍ မိဘဆွေမျိုးများသာမက အခြားသူများအား ထုတ်ဖော်အသိပေးခြင်း မရှိသေးကြောင်း ဆိုသည်။

သို့သော် အမျိုးသမီးတဦးကို သတ်ခဲ့သော အမျိုးသားတဦးအား ဖင်လန်နိုင်ငံ လ့ပ်လဲန်ဒ် (Lapland) ခရိုင် တရားရေးရုံးမှ ထောင်ဒဏ် ၈ နှစ်ဝက် ကျခံရန် ချမှတ်ထားကြောင်း စေးရယ်ဒူက ဆက်ပြောသည်။

၎င်းအမျိုးသမီးတဦးသည် တိုက်ခန်း တခန်းတွင် တဦးတည်း နေထိုင်သူ ဖြစ်သည်။ သူမနှင့် ထိုအမျိုးသားတဦးတို့ အကြားလည်း ရန်ငြိုးမှု မရှိခဲ့ကြကြောင်း ၎င်းက ပြောသည်။

အသတ်ခံရသူ ၎င်းအမျိုးသမီး၏ ကျန်ရှိနေသေးသည့် အလောင်း တပိုင်းကို သူမ နေထိုင်ရာ ရိုဗာနီအီမီမြို့၌ ယမန်နေ့တွင် ဖင်လန်ရောက် ကရင်နီလူမျိုးများမှ သွားရောက်သဂြိုလ်လိုက်ပြီး ဖြစ်သည်။

ဖင်လန်နိုင်ငံ၌ ရောက်ရှိနေထိုင်ရာတွင် လုံခြုံမှု ရှိပြီး ဖင်လန်နိုင်ငံသားများနှင့် နိုင်ငံခြားသားများ၏ ခြိမ်းခြောက်မှု၊ အနိုင်ကျင့်မှုများသည် သိပ်မရှိကြောင်း ဖင်လန်ရောက် ကရင်နီအမျိုးသားတဦးဖြစ်သူ ဆရာကျော်ကျော်ဦးက ပြောသည်။

၎င်းက “ဒီတိုင်းပြည်ကတော့ လုံခြံမှု ရှိတယ်။ အေးချမ်းတဲ့ တိုင်းပြည် ဖြစ်တယ်။ နိုင်ငံခြားသားတွေရဲ့ ခြိမ်းခြောက်တာတွေ အနိုင်ကျင့်တာတွေတော့ မရှိဘူးလို့ ပြောလို့ ရပါတယ်။ ဒါပေမဲ့ အနည်းအကျဉ်းတော့ ရှိရင် ရှိတတ်မှာပေါ့။ ဒါမျိုးကတော့ နေရာတိုင်းမှာ အနည်းနဲ့ အများပဲလေ” ဟု ပြောသည်။

၂၀၀၅ ခုနှစ်မှ စ၍ ဖင်လန်နိုင်ငံသို့ ပြန်လည်အခြေချရေး အစီအစဉ်ဖြင့် သွားရောက်နေထိုင်သော ထိုင်း-မြန်မာနယ်စပ်မှ ကရင်နီဒုက္ခသည်များသည် လူဦးရေအရ ၁၄၀၀ ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)