Monday, November 1, 2010

နေပြည်တော်တွင် တပ်အင်အား အများအပြားချ၊ ဆိုင်များ ည၉နာရီ ပိတ်ရန် ညွှန်ကြား

မိုးမခ အထောက်တော်၊ ရန်ကုန်

နိုဝင်ဘာ ၁၊ ၂၀၁၀

ယခုရက်ပိုင်းအတွင်း နေပြည်တော် ပျဉ်းမနား၊ လယ်ဝေး တ၀ိုက်တွင် စစ်တပ်အင်အား အများအပြားချထားပြီး မြို့နှင့် ရွာများမှ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များအား ည ၉နာရီနောက်ဆုံးထားပြီး ပိတ်ကြရန် ညွှန်ကြားထားသည်ဟု နေပြည်တော်မှ လာသောသတင်းများ အရသိရသည်။

စစ်တပ်များအား ချထားသည့် ပုံစံမှာ ယခင်နှင့်မတူ ထူးခြားနေပြီး လက်ပတ်တံဆိပ်မတူသည့် စစ်သားများအား နေရာတခုအတွင်း နီးကပ်စွာ မြင်တွေ့နေရသဖြင့် အထက်မှ အမိန့်ပေးခြင်း မတူသည့် တပ်ရင်းများဖြစ်နိုင်သည်ဆိုသည့် မှန်းဆပြောဆိုမှုများလည်း ရှိနေပြီး စစ်ခေါင်းဆောင်အထက်ပိုင်းအား သစ္စာခံ မတူသည့် တပ်များဖြစ်နိုင်သည်ဆိုသည့် ပြောဆိုမှုများလည်း ထွက်ပေါ်လျက်ရှိသည်။

ယခုရက်အတွင်း စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များအား ည ၉ နာရီ ပိတ်ခိုင်းသော်လည်း ရွေးကောက်ပွဲ မတိုင်မီ ရက်ပိုင်းအလိုတွင် ညနေ ၆ နာရီ ပိတ်ခိုင်းမည့် သတင်းလည်းထွက်ပေါ်လျက်ရှိကာ၊ ညမတွက်ရ ကာဖျူးအမိန့်ထုတ်သကဲ့သို့ လူအသွားအလာ ခြောက်ကပ်နေသည်ဟုလည်း နေပြည်တော်တွင် နေထိုင်သူ တဦးကပြောသည်။

လယ်ဝေး ဘက်မှ ပျဉ်းမနားမြို့သို့ အ၀င်လမ်းကြောင်းများအားလုံးအား ကင်းချ စောင့်ကြည့်လျက်ရှိ ပြီးစစ်သားများအား ဟိုနားသည်နား အစုလိုက်တွေ့မြင်နေရသဖြင့် မြို့ခံလူထုမှာ စိုးရိမ်ထိတ်လန့်မှု ပိုမိုလာနေသည်ဟုလည်း မြို့ခံတဦးကပြောသည်။

လာမည့် အပတ် တနင်္ဂနွေတွင် ကျင်းပမည့် ရွေးကောက်ပွဲအား စစ်အစိုးရအား ကိုယ်စားပြုသည့် ကြံ့ဖွံ့ပါတီ အနိုင်ရရေးအတွက် နည်းအမျိုးမျိုးသုံးပြီး လုပ်ဆောင်နေသလို၊ အတိုက်အခံပါတီများ၏ စည်းရုံးရေး ခရီးစဉ်များအားလည်း အနှောက်အယှက်ပေးခြင်း သို့မဟုတ် နည်းဥပဒေ လုပ်ထုံးလုပ်နည်းများသုံးပြီး နှေးကွေး အလုပ်မဖြစ်အောင် လုပ်ဆောင်လျက်ရှိသည်ဟု အတိုက်အခံ ပါတီအင်အားစုများက ထုတ်ဖေါ်ပြောဆိုကြသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)