Saturday, 20 November 2010
နိုဝင်ဘာလ ၂၀ရက်။ စောခါးစူးညား (ကေအိုင်စီ)
အိန္ဒိယနိုင်ငံ ကလကတ္တားအကျဉ်းထောင်တွင် နှစ်ရှည်ထောင် ချုပ်နှောင်ခံထားရသော ကရင်နှင့် ရခိုင်တော်လှန်ရေးသမား အကျဉ်းသား ၃၄ဦးအား မြန်မာပြည်ပြန်ပို့ရေးကိစ္စကို အိန္ဒိယအစိုးရက နိုဝင်ဘာလ ၁၁ရက်နေ့က ပြန်လည်ရုပ်သိမ်းလိုက် သည်ဟု သိရသည်။၎င်းတို့ ၃၄ဦးသည် အမှုပြီးဆုံးသော်လည်း မြန်မာပြည်သားဖြစ်သည့်အတွက် အိန္ဒိယနိုင်ငံ ဘင်္ဂလားပြည်နယ်အစိုးရက ဥပ ဒေကြောင်းအရ အိန္ဒိယနိုင်ငံတွင် ဆက်လက်နေထိုင်၍မရသဖြင့် မြန်မာပြည်ပြန်ပို့ရန် အစီအစဉ်ကို အောက်တိုဘာလက ထုတ်ပြန်ခဲ့ရာမှ ယခုလို ရုပ်သိမ်းပေးလိုက်ခြင်း ဖြစ်သည်။
အဆိုပါအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အမှုကို လိုက်လံလုပ်ဆောင်ပေးသည့် အိန္ဒိယနိုင်ငံသားများ ဖွဲ့စည်း တည်ထောင်ထားသော သွေးစည်းညီညွှတ်ရေးကော်မတီ (solidarity Committee for Burma’s Freedom Fighters)ကို ပါဝင်ကူညီပေးခဲ့သူ ကိုစိုးမြင့်က ကေအိုင်စီကို ယခုလို ပြောသည်။
သူက “ဥပဒေအရ သူတို့ဟာ မြန်မာနိုင်ငံသားဖြစ်တဲ့အတွက် မိခင်နိုင်ငံကို ပြန်ပို့ရမှာဖြစ်ပေမဲ့ မြန်မာစစ်အစိုးရ လက် အောက်မှာ သူတို့ကို ပြန်ပို့ရင် အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် အမှုစီရင်နေတဲ့အချိန်မှာ တရားစီရင်မှု စုံစမ်းစစ်ဆေး ရေးအဖွဲ့နဲ့ ညှိပြီး ပြန်မပို့ဖို့ သူတို့တွေ သဘောတူညီမှုရထားတာ ပါတယ်။ ဒါကြောင့် ပြန်မပို့တော့တာ။”ဟု ပြောသည်။
ဆက်လက်၍ သူက “သူတို့ကို တရားရုံးက စီရင်ချက်ချထားတာ ဒဏ်ငွေကလည်း ပေးပြီးပြီဆိုတော့ ဘာအမှုမှ မရှိတော့ ဘူး။ ဒါပေမဲ့ သူတို့မှာ တရားဝင် ခရီးသွား စာရွက်စာတမ်း မရှိဘူး။ သူတို့မှာ ကုလသမဂ္ဂ (UNHCR)ကနေ ယာယီ ထုတ် ပေးထားတဲ့ ကတ်ပြားရှိပေမဲ့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုတဲ့ စာရွက်စာတမ်းမဟုတ်တော့ ထောင်ထဲမှာပဲ နေနေရ တာ။”ဟု ဆိုသည်။
အိန္ဒိယဥပဒေအရ တရားစီရင်ခြင်းခံရသည့် အကျဉ်းသားများမှာ မြန်မာစစ်အစိုးရကို တော်လှန်နေသည့် ကရင်အမျိုးသား အစည်းအရုံး(KNU) အဖွဲ့ဝင် ၁၁ဦးနှင့် ရခိုင်ပြည်အမျိုးသားညီညွှတ်ရေးပါတီ(NUPA) အဖွဲ့ဝင် ၂၃ဦးတို့ဖြစ်ကြပြီး ၎င်းတို့ သည် ၁၉၉၈ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ အန်ဒမန်နှင့် ဂရိတ်နီကိုဘာကျွန်းစုရှိ လန်းဖောလ်ကျွန်းပေါ်တွင် ရေတပ်စခန်းတည် ဆောက်ရန် အိန္ဒိယအစိုးရ စစ်တပ်နှင့် သဘောတူညီမှု ရရှိခဲ့သည်။
ထိုသဘောတူညီချက်ဖြင့် ၎င်းတို့သည် အိန္ဒိယရေပိုင်နက် လန်းဖောလ်ကျွန်း(Landfall Island)အရောက် ၁၉၉၈ခုနှစ်၊ ဖေ ဖော်ဝါရီလ(၁၁)ရက်နေ့တွင် အိန္ဒိယနိုင်ငံရှိ ဗဟိုထောက်လှမ်းရေးဗျူရို (စီဘီအိုင်)က လက်နက်နှင့် ခဲယမ်းမီးကျောက်များ ပိုင်ဆိုင်ထားရှိမှု၊ ဖောက်ခွဲရေးပစ္စည်းများ လက်ဝယ်ထားရှိမှု၊ နိုင်ငံခြားသား အက်ဥပဒေအရ အိန္ဒိယနိုင်ငံအတွင်း တရားမ ၀င် ၀င်ရောက်မှုတို့ဖြင့် တရားစွဲဆိုဖမ်းဆီးခဲ့ကာ အဖွဲ့ခေါင်းဆောင် ဗိုလ်စောထွန်း၊ ပဒိုစောမူးလွယ်၊ ဗိုလ်စောမြင့်၊ ဗိုလ်ရာ ဇာ၊ ဗိုလ်ရန်နိုင်နှင့် ဗိုလ်လင်းဇံခိုင်တို့ကို ပစ်သတ်ခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၏ ဒု-ဥက္ကဌ ပဒိုစောဒေးဗစ်သကဘောက ၎င်းတို့အား မြန်မာပြည်ပြန်ပို့မည့်ကိစ္စ ရုပ်သိမ်းလိုက်သည့်အတွက် ၀မ်းမြောက်ကြောင်း၊ သို့သော် ကေအဲန်ယူအနေဖြင့် အိန္ဒိယနိုင်ငံသို့သွား၍ မဖြစ်နိုင်သည့်အ တွက် အိန္ဒိယနိုင်ငံရှိ ၎င်းတို့ကို ကူညီပေးနေသည့် NGO’s ၏ အကူအညီမှတဆင့် မိခင်အဖွဲ့အစည်းထံ ပြန်ခေါ်ရန် ကြိုး ပမ်းသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
လက်ရှိ ၎င်းတို့လွတ်မြောက်နိုင်ရေး နောက်ဆုံးနည်းလမ်းကို ကိုးစိုးမြင့်က ယခုလို ပြောသည်။
“အိန္ဒိယအစိုးရ သူတို့ကို နေထိုင်ခွင့်ပေးမယ်ဆိုရင် သူတို့လွတ်မြောက်သွားပြီး နေထိုင်လို့ရတာပေါ့။ နောက်တချက်က (UNHCR)ကနေ သူတို့ ဒုက္ခသည်အဖြစ် တရားဝင် အသိအမှတ်ပြုရင် (UNHCR)ဒုက္ခသည် စာရွက်စာတမ်းနဲ့ အိန္ဒိယမှာနေ လို့ရတယ်။ နောက်ဆုံးတချက်က တခြားနိုင်ငံတနိုင်ငံကနေ သူတို့ကို ခေါ်ပြီးလက်ခံတဲ့ ပုံစံမျိုးရှိရင် သူတို့ လွတ်မြောက်နိုင် တယ်။”ဟု ပြောသည်။
No comments:
Post a Comment