Monday, November 1, 2010

လွိုင်ကော် အင်တာနက်လိုင်းများ စတင်ပိတ်

ရေးသားသူ - ကန္တာရ၀တီတိုင်း(မ်) တနင်္ဂနွေနေ့, 31 အောက်တိုဘာလ 2010


ရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းများသာ လိုသေးသောကြောင့် ကရင်နီပြည်မြို့တော် လွိုင်ကော်၌ ဖွင့်လစ်ထားသော အင်တာနက် ဆိုင်များ၏ လှိုင်းများသည် စတင်ပိတ်ခံနေရပြီဖြစ်ကြောင်း အင်တာနက်သုံးသူများက ပြောသည်။


“ဆိုင်တွေမှာ လှိုင်းပိတ်ထားခံရတယ်။ လှိုင်းဖြတ်ခံရတယ်။ ဘယ်လိုဖြတ် ဆိုတာလည်း မသိဘူး။ လိုင်းမကောင်းတာ တစ်ပတ်ကျော်ပြီ” ဟု လွိုင်ကော်မြို့မှ အင်တာနက်သုံးသူ သက္ကသိုလ်ကျောင်းသူ တဦးက ပြောပါသည်။

ရွေးကောက်ပွဲ အတောအတွင်း ပြည်တွင်းမှ ပြည်သူလူထုများ ပြင်ပနှင့် အဆက်အသွယ် မပြုလုပ်နိုင်ရန် အစိုးရမှ အင်တာနက်လှိုင်းများ ပိတ်ခိုင်းလာခြင်း ဖြစ်နိုင်သည်ဟု အင်တာနက် သုံးသော လွိုင်ကော်မြို့ခံတဦးက ပြောသည်။

၎င်းက “အစိုးရက ပိတ်ခိုင်းတယ်လို့တော့ သူတို့ မပြောဘူး။ ဆိုင်ကို အင်တာနက် လာလုပ်တဲ့ သူကို လိုင်းမရဘူး၊ လိုင်းမကောင်းဘူး လို့ဘဲ ပြောတယ်။ အမှန်က ပိတ်ခိုင်းတာဘဲ” သူက ပြောသည်။

လွိုင်ကော် အင်တာနက်ဆိုင်တိုင်းလိုလိုသည် အင်တာနက် အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရယူထား သောကြောင့် အသုံးပြုများအတွက် လုံခြုံမှု မရှိကြောင်း အင်တာနက် အမြဲသုံးသော လွိုင်ကော်မြိုမှ လူငယ်တဦးကလည်း ပြောသည်။
ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်ဆန်းပိုင်းက ကျော်ကျော်ဆန်း အင်တာနက်ဆိုင်ဖွင့်ပွဲ အခမ်းအနား ကျင်းပစဉ်
ပြီးခဲ့သည့် ၂၀၀၇ နှစ်ဆန်းပိုင်းက ကျော်ကျော်ဆန်း အင်တာနက်ဆိုင်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပစဉ်

“ကျနော် သိရသလောက် လွိုင်ကော်မှာ ဖွင့်ထားတဲ့ အင်တာနက် ဆိုင်တွေက အစိုးရရဲ့ ထောက်လှန်းရေး ဆိုင်တွေ ဖြစ်တယ်လို့ သိထားပါတယ်” ဟု သူက ပြောသည်။

လွိုင်ကော် အင်တာနက်ဆိုင်များတွင် အင်တာနက် အသုံးပြုခမှာ တနာရီလျှင် ကျပ် ၅၀၀ ဈေးရှိသည်။ ထိုအပြင် အင်တာနက်ဆိုင်များတွင် ပြင်ပရှိ နိုင်ငံရေးဆိုင်ရာ သတင်းဝက်ဆိုဒ်များကို အများအားဖြင့် ပိတ်ပင်ထားကြောင်း သိရသည်။

လွိုင်ကော်တွင် အင်တာနက်ဆိုင် ၈ ဆိုင် ဖွင့်လစ်ထားရာ ဆိုင်အမည် များမှာ Techno World, ANS, Master, Cyber, Planet, MPT, Global နှင့် Kyaw Kyaw San တို့ဖြစ်သည်။ ၎င်းဆိုင်များသည် ၂၀၀၆ ခုနှစ်နောက်ပိုင်းမှ စတင်တပ်ဆင်လာခဲ့ကြသည်။

ကရင်နီပြည်တွင် လွိုင်ကော်မြို့ တနေရာတည်းသာ အင်တာနက်ဆိုင်များ ရှိပြီး ဒုတိယမြို့တော် ဖြစ်သည့် ဒီးမော့ဆိုမှာမူ အင်တာနက်ဆိုင်များ မရှိဘဲ အိမ်သုံးဖုန်းများသာ တပ်ဆင်ထားသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)