Tuesday, November 2, 2010

SSA တပ်မဟာ (၁)အား နည်းမျိုးစုံသုံး၍ ဖိအားပေးနေ

သတင်းနှင့်မီဒီယာ ကွန်ယက်၊ ဇော်ကြီး။
အောက်တိုဘာလ ၂၉ ရက်၊ ၂၀၁၀ ခုနှစ်။


စစ်အစိုးရ၏ ဌာနေပြည်သူ့စစ်တပ်ဖွဲ့စည်းရေးကို လက်မခံငြင်းဆန်ထားသည့် ရှမ်းပြည်တပ် မတော် SSA မြောက် ပိုင်းတပ်ဖွဲ့အား စစ်အစိုးရက နည်းလမ်းမျိုးစုံသုံး၍ ဖိအားပေးနေသည်။

ဗိုလ်ချုပ်ပန်ဖ ဦးဆောင်သည့် တပ်မဟာ(၁)တပ်ဖွဲ့ ထိန်းချုပ်ရာနယ်မြေတ၀ိုက်တွင် စစ်အစိုးရ ၏ ဒေသခံတပ် များ ပိုမိုလှုပ်ရှားလာပြီး ဒေသခံလူထုမှတဆင့် ဖိအားပေးပြောဆိုမှုများ ရှိနေသည်ဟု ရှမ်းသံတော်ဆင့်သတင်း လက်ထောက်အယ်ဒီတာ ဦးစိန်ကြည်က ယခုလို ပြောသည်။

“ပြည်သူလူထုကနေ သူတို့ကိုသွားညည်းပြဖို့ပေါ့။ ရွေးကောက်ပွဲပြီးနောက်ပိုင်း စစ်ဆင်ရေးတွေ အကြီး အကျယ်ဖြစ်လာတယ်ဆိုရင် ကြားကနေ မြေစာပင်ဖြစ်မှာက ကျေးလက်လူထုပဲပေါ့။ အဲတာတွေကို ထောက်ထားငဲ့ညှာသောအားဖြင့်ဆင်ခြင်ပါ။ စဉ်းစားပါ။နအဖရဲ့ အလိုကိုလိုက်ပါ။စသည်ဖြင့်ပေါ့ လူထု ကနေတဆင့် ပြောခိုင်းတယ်။”

လက်ရှိအခြေအနေအရ ထိုးစစ်ဆင်တိုက်ခိုက်ရန် အနေအထားမရှိသေးသော်လည်း ဒေသခံတပ်များအား နယ် မြေကျွမ်းကျင်မှုရှိစေရန် စစ်ရေးအရကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်ဟု သိရသည်။

လာမည့်ရွေးကောက်ပွဲပြီးနောက်ပိုင်းတွင် SSA မြောက်ပိုင်းမှ ဌာနေပြည်သူ့စစ်တပ်ဖွဲ့စည်းရေး လက်ခံထားသည့် စိန်ကျောက်ဌာနချုပ်နှင့် တပ်မဟာ(၃) တပ်ဖွဲ့များထံ သွားရောက်ပူးပေါင်း ရန် (သို့မဟုတ်) လုံးဝလက်နက်ချရန် စသည့်အချက်နှစ်ချက်ကို တပ်မဟာ(၁) ခေါင်းဆောင် များမှ ရွေးချယ်စဉ်းစားပေးရန် လူထုမှတဆင့် တိုက်တွန်း ပြောဆိုခဲ့သည်ဟု ဒေသခံများက ပြောကြောင်း ၎င်းကဆက်ပြောသည်။

မည်သို့ပင်ဖြစ်စေ တပ်မဟာ(၁) ခေါင်းဆောင်များကလည်း ယခင်ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ကိုင်စွဲသွား မည်ဟု သိရသည်။

စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ(၂) မိန်းနောင်အခြေစိုက် လက်အောက်ခံ ခြေလျှင် တပ်ရင်းများဖြစ်သည့် လွယ်လင်အခြေစိုက် ခလရ(၉)၊ ကျေးသီးအခြေစိုက် ခလရ (၁၃၁)၊ ကွန်ဟိန်းဗျုဟာလက်အောက်ခံ ခလရ (၂၈၆)၊ (၂၉၆)၊ (၂၄၆) စသည့် တပ်ရင်းများက တပ်မဟာ(၁)ဌာနချုပ် ၀မ့်ဟိုင်းဒေသတ၀ိုက် အနောက်ဖက်၊ အနောက်မြောက်ဖက်၊ အနောက်တောင်ဖက်နဲ့ တောင်ဖက်ဒေသတ၀ိုက်တွင် လှုပ်ရှားနေခြင်းဖြစ်သည်။

ယင်းလှုပ်ရှားမှုများသည် တပ်မဟာ(၁) ထိန်းချုပ်နယ်မြေသို့ ကျူးကျော်ဝင်ရောက်လာပါက SSA ဖက်မှပစ်မိန့် ပေးထားပြီး တိုက်ပွဲဖြစ်ပွားလာပါက မိမိထိန်းချုပ်ရာနယ်မြေမှ ဆုတ်ခွာခြင်းမပြုရန် တပ်မဟာ(၁) ခေါင်းဆောင် များက ညွှန်ကြားထားသည်ဟု သိရသည်။

ဗိုလ်ချုပ်ပန်ဖ ဦးဆောင်သည့် တပ်မဟာ(၁) တပ်ဖွဲ့က ဌာနေပြည်သူ့စစ်တပ်ဖွဲ့ရန် ငြင်းဆန် ခဲ့ပြီးနောက် နှစ်ဖက် စစ်ရေးတင်းမာလာခဲ့ပြီး တိုက်ပွဲငယ် သုံးကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။

လာမည့် ရွေးကောက်ပွဲပြီးနောက်ပိုင်း ဌာနေပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်ကို လက်မခံ ငြင်းဆန်ထားသည့် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား စစ်အစိုးရက စစ်ရေးနည်းအရ ဖြေရှင်းလာနိုင်သည်ဟု လေ့လာသူများက သုံးသပ်ပြောဆိုသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)