Monday, December 6, 2010

ကေအိုင်အေတပ် စခန်းကို နအဖစစ်တပ်က ပစ်ခတ်

Monday, 06 December 2010 14:37 သျှမ်းသံတော်ဆင့်

ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့အနီးရှိ ကချင်ပြည် လွတ်လပ်ရေးတပ်မတော် KIA တပ်စခန်းတစ်ခုကို ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က မြန်မာစစ်တပ်က စတင်ပစ်ခတ်ရာ နှစ်ဘက် အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ လွယ်ဂျယ်မြို့နှင့် မိုင်ဂျာယန် အကြား ကောင်းဆာရွာအနီးရှိ ကေအိုင်အေ တပ်ရင်း ၁၆ လက်အောက်ခံ တပ်စခန်း တစ်ခု ကို မြန်မာစစ်တပ်၏ ခလရ ၂၃၆ တပ်ဖွဲ့များက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (ဓါတ်ပုံ - KNG)
ကေအိုင်အေ တပ်ရင်း ၁၆ တပ်ဖွဲ့ဝင်များက ကောင်းဆာရွာ အတွင်း ၀င်ရောက်၍ တပ်သားသစ်စုဆောင်းနေရာမှ ယခု ပစ် ခတ်မှု စတင်ခဲ့ပြီး နအဖဘက်မှ ထိုးစစ်ဆင်သည့် အနေအထား မဟုတ်ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“စုဆောင်းရေးဆွဲရာကနေ စဖြစ်တာ ကေအိုင်အေက ကောင်းဆာရွာမှာလူလာဖမ်းတာ မူးယစ်ဆေးဝါးနှိမ်နှင်းရေး လည်း လုပ်နေတယ်ဆိုတော့ ဘယ်လို ဖမ်းလဲမသိဘူး အဲဒီရွာက ကေအိုင်အေစခန်းနဲ့နီးနီးလေးပဲ ကေအိုင်အေ အဖွဲ့ စခန်းပေါ် တက်ပြေးတော့  နအဖကစခန်းကိုပစ်တာ နှစ်ဘက် အပြန်အလှန်ပစ်ကြတာပေါ့ ” - ဟု ဒေသခံ တစ်ဦးက ပြောသည်။

ထိုနေ့က မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဇေယျာအောင် လွယ်ဂျယ်မြို့သို့ ရောက်ရှိနေရာ နှစ်ဘက်တပ်များ လုံခြုံရေးတိုးမြှင့်ထားချိန်နှင့်တိုက်ဆိုင်နေကြောင်းသိရသည်။

ယခု ပစ်ခတ်မှုအတွင်း နှစ်ဘက်အကျအဆုံးမရှိကြောင်း ကေအိုင်အို သတင်းရပ်ကွက်က ပြောသည်။

စက်တင်ဘာ ၂၃ ရက်နေ့ကလည်း ကေအိုင်အို ဋ္ဌာနချုပ်ရှိရာ တရုတ်နယ်စပ်အနီးရှိ လိုင်ဇာမြို့သို့ နအဖ စစ်ရဟတ်ယာဉ် တစ်စီးနယ်ကျော်ဝင်ရောက်ခဲ့ရာ ကေအိုင်အိုဘက်မှ ပစ်ခတ်သတိပေးခဲ့ရကြောင်း သိရသည်။

လတ်တလော မြစ်ကြီးနားနှင့် ဗန်းမော်မြို့ဘက်မှ ကုန်ကားများ လိုင်ဇာသို့ သွားလာမှုကို ပိတ်ပင်ထားသဖြင့် လိုင်ဇာမြို့၌ ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းနေကြောင်း ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့မှ ဦးအောင်ဝါက ပြောသည်။

နယ်ခြားစောင့်တပ်ငြင်းဆန်နေသည့် ကေအိုင်အိုနှင့် နအဖတို့ အကြား စစ်ရေးတင်းမာနေရာ လွန်ခဲ့သည့်လက ကချင်ပြည် နယ်အတွင်း ဖွင့်လှစ်ထားသော ကေအိုင်အိုဆက်ဆံရေးရုံးများကို ပိတ်ပစ်ရန် နအဖက ကေအိုင်အိုကို အကြောင်းကြား ခဲ့ပြီး ယခုလဆန်းပိုင်းက ကချင်ပြည်နယ်အတွင်း နအဖတပ်များ စစ်အင်အားဖြည့်တင်းနေ ကြောင်း သိရသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)