Wednesday, December 15, 2010

စစ်ရေးပူးပေါင်းမှု တိုးမြှင့်ရန် တိုင်းရင်းသားအဖွဲ့များ ဆွေးနွေး

စိုင်းဇွမ်ဆိုင်း Tuesday, 14 December 2010 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့သည် စစ်ရေးအရ ပူးပေါင်း လုပ်ဆောင်မှုများ တိုးမြှင့်သွားရန် ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄) အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ဌာနချုပ်တည်ရှိရာ မိုင်းလားမြို့တွင် အလွတ်သဘော ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ရှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်-မြန်မာ နယ်စပ် မိုင်းလားတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ တွေ့ဆုံပြီး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။ယင်းဆွေးနွေးပွဲတွင် NDAA ခေါင်းဆောင်များ၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ ဒုတိယ ခေါင်းဆောင် ကျောက်ကြုံးတန်းနှင့်အဖွဲ့၊ အပစ်ရပ် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) မှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။

ယခင် ရက်သတ္တပတ်က မိုင်းလားမြို့တွင် ပြုလုပ်သည့် ရှမ်းနှစ်သစ်ကူးပွဲတော်၌ ယင်းကဲ့သို့ ဆွေးနွေးကြခြင်း ဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးစိန်ကြည်က ဆိုသည်။

“တိုင်းရင်းသား ကိုယ်စားလှယ်တွေက လက်ရှိနိုင်ငံရေးအခြေအနေကို ဝိုင်းပြီး သုံးသပ်ကြတယ်။ ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ ဘာတွေလုပ်နိုင်ခဲ့ကြသလဲ ဆိုတာတွေ၊ ရှေ့လျှောက် ဘာဆက်လုပ်ကြမလဲ ဆိုတာတွေ ဆွေးနွေးကြတယ်” ဟု ဦးစိန်ကြည်က ဆက်လက်ပြောသည်။

စစ်အစိုးရက ဖိအားပေးလျှက်ရှိသည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စကို ကျေးဇူးတင်ရမည် ဖြစ်ကြောင်း၊ ၎င်း အစီအစဉ်ကို စစ်အစိုးရ မပြုလုပ်ခဲ့ပါက တိုင်းရင်းသားအဖွဲ့များ နိုးကြားနိုင်ဦးမည် မဟုတ်ကြောင်း၊ ယခုလက်ရှိ အခြေအနေတွင် တဖွဲ့ကို တဖွဲ့ ပိုမိုအားကိုးရမည်ဟု သိမြင်လာကြောင်း ဆွေးနွေးပွဲတွင် ပြောဆိုကြသည်ဟု သိရှိရသည်။

စစ်အစိုးရသည် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို ၂၀၀၉ ခုနှစ် ဧပြီလမှ စတင်ကာ နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် ဖိအားပေးခဲ့သည်။

UWSA ဌာနချုပ် တည်ရှိရာ ပန်ဆန်းမြို့မှ အမည်မဖော်လိုသူ အရာရှိတဦးက “ဆွေးနွေးပွဲကတော့ ပုံမှန်ဆွေးနွေးပွဲပါပဲ။ အဆုံးအဖြတ်တွေ ဘာတွေလည်း အစည်းအဝေးကတဆင့် မချမှတ်ရသေးပါဘူး။ ဒါပေမယ့် တဖွဲ့ကို တဖွဲ့ နိုင်ငံရေးအရရော စစ်ရေးအရပါ ကူညီမယ်ဆိုတာကတော့ အစကတည်းက ကျနော်တို့မှာ ရည်ရွယ်ချက်ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့တွေက တိုင်းရင်းသားတွေ၊ အစိုးရ တခုတည်းရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့သူတွေမို့လို့ပါ” ဟု ဧရာဝတီသို့ ပြောသည်။

မိုင်းလားမြို့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် ကိုးကန့်အဖွဲ့ (ခေါ်) မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု တပ်မတော် (MNDAA) ကို စစ်အစိုးရက ချေမှုန်းခဲ့သည့် အချက်ကို နမူနာယူသင့်သည်ဟုလည်း ပြောဆိုကြောင်း သိရသည်။

ကိုးကန့်အဖွဲ့သည် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို ငြင်းဆန်ခဲ့သဖြင့် ၂၀၀၉ ခုနှစ် သြဂုတ်လတွင် စစ်အစိုးရက တိုက်ခိုက်ချေမှုန်းခဲ့သည်။ တိုက်ပွဲများအပြီး MNDAA ခေါင်းဆောင် ဖုန်ကြားရှင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ MNDAA နှင့် စစ်အစိုးရတပ်များအကြား တိုက်ပွဲကြောင့် ဒေသခံ လူပေါင်း ၂၀၀ ခန့် စစ်အစိုးရဘက်မှ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့သည်ဟု ဆိုသည်။

MNDAA နှင့် စစ်အစိုးရတပ်များအကြား ၂ ရက်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဒေသခံ ၃ သောင်းခန့် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ရကြောင်း၊ တရုတ်အစိုးရက ယွမ် ၁၀ သန်းခန့် အသုံးပြုပြီး ဒုက္ခသည်များအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

UWSA ၊ NDAA ၊ SSA-N အပါအဝင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့သည်လည်း ယခုချိန်အထိ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းဆန်နေသည့် အဖွဲ့များဖြစ်သည်။

မကြာသေးမီက KIA နှင့် NDAA ထိန်းချုပ်ဒေသများသို့ ကုန်စည်စီးဆင်းမှုများ တားမြစ်ခြင်းဖြင့် စစ်အစိုးရက ၎င်းတို့ကို ဖိအားပေးခဲ့သေးသည်။

အစိုးရက ကုန်စည်စီးဆင်းမှုများကို ကန့်သတ်လိုက်သော်လည်း NDAA အဖွဲ့ကို တစုံတရာ မထိခိုက်နိုင်ကြောင်း၊ ၎င်းအဖွဲ့အစည်းသည် ရာဘာခြံများ၊ ကာစီနို လောင်းကစားဝိုင်းများ၊ နယ်စပ်ဖြတ်ကျော်သူများမှ ရရှိမည့် အခွန်များ၊ မော်တော်ကား အခွန်များနှင့် ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်းရှိ မဂ္ဂနီစီယမ် သတ္ထုတွင်းတို့မှ ပုံမှန်ဝင်ငွေရရှိနေကြောင်း မိုင်းလား ဒေသခံတဦးက ဆိုသည်။

NDAA အဖွဲ့ကို ၁၉၈၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အင်အား ၁ ထောင်မှ ၂ ထောင်ကြား ရှိသည်ဟု စစ်ရေးလေ့လာ သူများက ခန့်မှန်းကြသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)