Sunday, December 12, 2010

DKBA နှင့် ABSDF ပူးတွဲပြီး ဝေါ်လေ နေရာ ၃ ခုကို တိုက်ခိုက်

ဘစောတင် Saturday, 11 December 2010

ဝေါ်လေရှိ နအဖ စစ်အစိုးရတပ်များ တပ်စွဲထားရာ နေရာ ၃ ခုကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) နှင့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တပ်များ ဒီဇင်ဘာ ၈ ရက်နေ့က တပြိုင်တည်း တိုက်ခိုက်ပြီး ဝင်ရောက် ရှင်းလင်းရာ နအဖဘက်မှ အရာရှိတဦးနှင့် တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးနေသည်ကို တွေ့ရကြောင်း သိရသည်။

“ဝေါ်လေ ဒေသက တကော်ကျိုးမှာ ဖြစ်ပွားခဲ့တဲ့ နေရာတွေကို ကျနော်တို့ဝင်ပြီး ရှင်းလင်းရေး လုပ်တော့ လက်လှည့် အားသွင်းစက် ၂ လုံးနားမှာ တပ်ကြပ်ကြီး အလောင်း တလောင်း တွေ့တယ်။ နောက်ပြီး တပ်သား အလောင်း ၂ လောင်းတွေ့တယ်။ ဆက်လက် ရှင်းလင်းရာမှာ တ၀က်တပျက် ဖုံးအုပ်ထားတဲ့ သုံးပွင့်နဲ့ အရာရှိအဆင့် ဗိုလ်ကြီး အလောင်း တလောင်းကို ထပ်တွေ့တယ်။ သူတို့ ဘက်တံဆိပ်တွေမှာ ဖော်ပြထားတာကတော့ ခမရ ၅၄၇ ကပါ” ဟု ABSDF မှ စစ်ဦးစီးမှူး ဒဿက က ပြောသည်။

အလားတူ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံရွာဘက်တွင်လည်း တိုက်ခိုက်ခဲ့ကြောင်း ၎င်းက “မနေ့က ကျိုက်ဒုံရွာက နအဖတပ်တတပ်ဟာ စစ်ကူပေးဖို့ ထွက်ခွာလာတယ်။ အဲဒီတပ်ကို ကျနော်တို့ဘက် ဒီဇင်ဘာ ၁၀ ရက်နေ့ မနက် ၁၅ မိနစ်မှာ ဆွဲမိုင်းတွေနဲ့ တိုက်ခိုက်တယ်” ဟု ဆိုသည်။

ယင်းတိုက်ခိုက်မှုကြောင့် နအဖ စစ်သားတဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိသည်ဟု ဒေသခံ ရွာသားတဦးက ပြောသည်။

တိုက်ပွဲများ ဖြစ်ပွားရာသို့ သွားရောက်ခဲ့သူ လူထုတိုက်ပွဲ ကော်မတီမှ ကိုသံဒုတ်က “တိုက်ပွဲတွေ အပြင်းအထန် ဖြစ်တာက ဒီဇင်ဘာ ၅ ရက်၊ ၆ ရက်၊ ၇ ရက်မှာ အကြီးအကျယ် ဖြစ်တယ်လ။ အဓိကက ကျနော်တို့ လူထုတိုက်ပွဲ ကော်မတီအနေနဲ့  ရိက္ခာ၊ ဆေးဝါး၊ ပံ့ပိုးပေးတာပေါ့နော်။ တိုက်နေတဲ့ ရဲဘော်တွေကို ကျနော်တို့က တတ်နိုင်တဲ့ဘက်က ကရင်လူငယ်တွေနဲ့  ဒေသခံ လူငယ်တွေ ပေါင်းပြီး ထမင်းချက်ပြီး ပို့ တာပေါ့” ဟု ပြောသည်။

မဲဆောက် အခြေစိုက် လူထုတိုက်ပွဲ ကော်မတီက နယ်စပ်တိုက်ပွဲများတွင် DKBA နှင့် ABSDF တို့ကို အကူအညီပေးကြရန် နှိုးဆော်ချက်ကိုလည်း ထုတ်ပြန်ထားကြောင်း သိရှိရသည်။

ထိုစစ်ဆင်ရေးတွင် အဓိက ညွှန်ကြားသူမှာ DKBA မှ ဗိုလ်မှူး စန်းအောင် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)