Thursday, May 5, 2011

စစ်ပြေးဒုက္ခသည် ၂၀၀ ခန့် ထိုင်းဘက် ထပ်မံထွက်ပြေးလာ

 04 May 2011
ဧရာဝတီ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ ကျိုက်ဒုံမြို့နယ်ခွဲရှိ ကျေးရွာများတွင် အစိုးရ စစ်တပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်များ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံရွာသား၂၀၀ ခန့် ယနေ့ ထိုင်းနိုင်ငံဘက်သို့ ထပ်မံ ထွက်ပြေးလာကြောင်း သိရသည်။

ယခုလဆန်းပိုင်းမှ စတင်၍ ၂ ရက် ဆက်တိုက် DKBA နှင့် ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့နှင့် စစ် အစိုးရ တပ်ရင်းများ အပြန်အလှန် ပစ်ခတ်မှုများကြောင့် ထိုင်းဘက်ခြမ်းရှိ အုန်းဖျန်မြို့နယ် ပိုင်ခလန်ရွာသို့ ကျိုက်ဒုံ ဒေသခံများ ထပ်မံ ထွက်ပြေးလာကြခြင်း ဖြစ်သည်။


ယမန်နေ့ကလည်း ယင်းဒေသအတွင်းသို့ လူဦးရေ ၅၀၀ ခန့် ထွက်ပြေးလာ၍ စုစုပေါင်း ၇၀၀ခန့် ရှိပြီ ဖြစ်သည်။ အုန်းဖျန်မြို့ နယ်သည် မဲဆောက်မြို့၏ တောင်ဘက် ၁၈၇ ကီလိုမီတာ အကွာအဝေးတွင် တည်ရှိပြီး ထွက်ပြေးလာသည့် ရွာသားများ ခိုလှုံ နေသော ထိုင်းဘက်ခြမ်းရှိ ပိုင်ခလန်ရွာသည် အုန်းဖျန်မြို့နယ်နှင့် ကီလိုမီတာ ၃၀ခန့် ကွာဝေးသည်။


ထိုင်းဘက်သို့ ၀င်ရောက်လာသည့် ရွာသားများကို လတ်တလော ပြန်ပို့ရန် အစီအစဉ် မရှိသေးသော်လည်း တိုက်ပွဲများ ပြီးဆုံး ပါကမြန်မာဘက် ပြန်ပို့မည်ဟု တာခ့်ခရိုင် အုပ်ချုပ်ရေးမှူး စမတ် လွိုင်ဖာ့က ဒေသခံ သတင်းထောက်များကို ယနေ့ပြောကြား ခဲ့သည်။


တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းဘက်ခြမ်းတွင် နယ်စပ်လုံခြုံရေးကို တိုးမြှင့်ထားပြီး တပ်ဖွဲ့ဝင် အင်အားကိုလည်း တိုးမြှင့်ချထား ကြောင်း သိရှိရသည်။


ထွက်ပြေးလာသည့် ရွာသားများကို ထိုင်းနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) နှင့် ထိုင်း-မြန်မာနယ်စပ် တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့(TBBC)တို့က သွားရောက်တွေ့ဆုံ ကူညီနေကြောင်း သိရသည်။


နောက်ဆုံးသတင်းများ အရ ယမန်နေ့ ညက နှစ်ဘက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခြင်း မရှိသေးသော်လည်း ယင်း ဒေသရှိ အစိုးရ ၀န်ထမ်း တချို့နှင့် ဒေသခံများက နီးစပ်ရာ အသိမိတ်ဆွေများထံ ယခုရက်ပိုင်း ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကြာအင်းဆိပ်ကြီး ဒေသခံ တဦးက ဧရာဝတီသို့ ပြောသည်။


“အဲဒီမှာရှိတဲ့ ဒေသခံ ရွာသားတွေကတော့ မရှိသလောက် ဖြစ်သွားပြီ၊ အစိုးရ၀န်ထမ်းတွေကလည်း ကြာအင်းဆိပ်ကြီး ဘက် ကို ရောက်ကုန်ပြီ”ဟု ၎င်းက ဆိုသည်။


ကျိုက်ဒုံမြို့နယ်ခွဲနှင့် ကြာအင်းဆိပ်ကြီးသို့ ပြေးဆွဲနေသော လိုင်းကားများကိုလည်း အစိုးရက တနေ့တွင် တစ်စီး၌သာ ပြေးဆွဲခွင့် ပေးထားကြောင်း သိရသည်။


“ကားလမ်းကတော့ ပိတ်ထားသလို ဖြစ်နေတယ်၊ စစ်တပ်က တနေ့ကိုမှ ကား တစ်စီးလောက်ပဲ ကြာအင်းဆိပ်ကြီး ဘက်ကို ပေးလာတယ်၊ သူတို့ (စစ်တပ်) ခွင့်ပြုတဲ့ လက်မှတ်ပါမှပဲ ကားက လာလို့ရတယ်”ဟု ကြာအင်းဆိပ်ကြီးမြို့နယ် ဒေသခံက ဆက်ပြောသည်။


ယခုကဲ့သို့ ခရီးသည်တင် ကားများကို ပြေးဆွဲခွင့် ပိတ်ပင်ထားခြင်းသည် စစ်တပ်က အလွယ်တကူ ချောဆွဲနိုင်ရန် လုပ်ဆောင် နေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)