Wednesday, May 4, 2011

ဒုက္ခသည် ၅၀၀ ကျော် ထိုင်းဘက်ထပ်မံ ထွက်ပြေး


ဧရာဝတီ Tuesday, 03 May 2011 
 
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံဒေသတွင် ကရင်ပူးပေါင်း တပ်ဖွဲ့များနှင့် မြန်မာအစိုးရတပ်
များ ဖြစ်ပွားခဲ့သည့် ၂ ရက်ကြာ တိုက်ပွဲကြောင့် ဒေသခံ ရွာသား ၅၀၀ ကျော် ထိုင်းဘက်ခြမ်းရှိ အုန်းဖျန် မြို့
နယ်အတွင်းသို့ ထွက်ပြေးလာကြသည်ဟု သိရသည်။
ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ပူးပေါင်းတပ်ဖွဲ့နှင့် မြန်မာအစိုးရ စစ်တပ်တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းရှိ အုန်း ဖျန်မြို့နယ် ပိုင်ခလန်ရွာသို့ ကျိုက်ဒုံဒေသခံများ ထွက်ပြေးလာကြခြင်း ဖြစ်သည်။

ထွက်ပြေးလာကြ သူများကို ထိုင်းဘက်မှ ယာယီလက်ခံထားပြီး တာ့ခ်ခရိုင်ဝန် စမတ်လွိုင်ဖာ့ က ၀င်ရောက် လာသူများကို လူသားချင်းစာနာသည့် အကူအညီပေးရန် သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်များအား ညွှန် ကြားချက် ပေးထားသည်ဟု မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးကပြောသည်။

တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ KNLA တပ်ရင်း ၁၀၃ ထောက်လှမ်းရေးဌာနမှ ဗိုလ်ကြီးကျော်မိုးက “တိုက်ပွဲ က ဖြစ်တာ ဒီနေ့ပါဆိုရင် ၃ ရက်ရှိပြီ။ ဒီမနက် ၉ နာရီမှာလည်း ထပ်ဖြစ်သေးတယ်။ KNLA နဲ့ DKBA ပူးပေါင်းအဖွဲ့နဲ့ မြန်မာစစ်တပ် ကြိုကြား တိုက်ပွဲတွေဖြစ်နေတာပါ။ မြန်မာဘက်က ရွာသားတွေ ထိုင်းဘက်ကို ထွက်ပြေးကြတယ်” ဟု ဆိုသည်။

ထိုင်းဘက် ၀င်ရောက်လာသည့် ရွာသားများကို တိုက်ပွဲများ ပြီးဆုံးပါက ချက်ချင်း မြန်မာဘက် ပြန်ပို့မည်ဟု ထိုင်းအာဏာပိုင်များက ပြောကြောင်း အုန်းဖန်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး တဦးကပြောသည်။

၎င်းက “တိုက်ပွဲမရှိရင် ချက်ချင်းပြန်ပို့မယ်လို့ ပြောတယ်။ ကျိုက်ဒုံမှာရှိတဲ့ ကရင် လက်နက်ကိုင် အဖွဲ့တွေကို ဗမာအစိုးရဘက်က ဒီနွေမှာ အပြီးတိုက်မယ်လို့ သိရတယ်။ အဓိက သူတို့တိုက်မှာက DKBA က ဗိုလ်နှုတ်ခမ်းမွေးတို့အဖွဲ့ ကျိုက်ဒုံဘက်မှာ အမာခံစခန်း ပြန်လာလုပ်လို့တဲ့။ ဒီနယ်မှာ နောက်ဆိုရင် တိုက်ပွဲ တွေ ဆက်ဖြစ်ဖို့က များတယ်” ဟု ရှင်းပြသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းဘက်ခြမ်းတွင် နယ်စပ်လုံခြုံရေးကို တိုးမြှင့်ထားပြီး တပ်ဖွဲ့ဝင် အင်အားကိုလည်း  တိုးမြှင့်ချထားကြောင်း၊ ထွက်ပြေးလာသည့် ရွာသားများကို ထိုင်းနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ဒုက္ခသည်များကို ထိုင်း - မြန်မာနယ်စပ်တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့တို့က သွာရောက်တွေ့ဆုံ ကူညီနေပြီ ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းရှိ အုန်းဖျန်မြို့နယ်သည် မဲဆောက်မြို့၏ တောင်ဘက် ၁၈၇ ကီလိုမီတာ အကွာအဝေးတွင် တည်ရှိပြီး ထွက်ပြေးလာသည့် ရွာသားများခိုလှုံနေသော ထိုင်းဘက်ခြမ်းရှိ ပိုင်ခလန် ရွာသည့် အုန်းဖျန်မြို့နယ်နှင့် ကီလိုမီတာ ၃၀ ခန့်ကွာဝေးသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)