Tuesday, June 7, 2011

ထိတ်လန့်နေတဲ့ ဘုရားသုံးဆူ ကျောင်း ဈေးများပိတ်

06 Jun 2011 မဇ္ဈိမသတင်းဌာန

စစ်ဘက် ထောက်လှမ်းရေးမှ ဒုတပ်ကြပ် အပါအဝင် လူ နှစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာ ရရှိစေခဲ့သည့် သေနတ်သမားများ ဝင်ရောက် ပစ်ခတ်မှု ဖြစ်ခဲ့ပြီးနောက် မွန်ပြည်နယ် ဘုရားသုံးဆူမြို့တွင် စာသင်ကျောင်းများနှင့် ဈေးများအားလုံး ပိတ်ထားလိုက်ကြသည်။

မျက်နှာဖုံးစွပ် သေနတ်သမား ၃ ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး စစ်ဖက်ရေးရာ လုံခြုံရေး စရဖရုံးကို တနင်္ဂနွေနေ့ ညနေ ၃ နာရီကျော်တွင် ၇၉မမ လောင်ချာဖြင့် ပစ်ခတ်သည်။ ထို့နောက် အနီးအနားရှိ စရဖများ စောင့်ကြပ်လေ့ရှိသော ဓမ္မာရုံကိုပါ လောင်ချာဖြင့် ထပ်မံ ပစ်ပြန်သည်။

ဗွေဆော်ဦး ပတ်ခတ်မှုတွင် အသက် ၃၀ အရွယ် ဒုတပ်ကြပ် ကျော်ကျော်အောင်နှင့် စရဖဆွယ်မှူး ဦးစိုးဝင်းတို့ ထိမှန်ခဲ့သည်။ ဓမ္မာရုံ ပစ်ခတ်မှုတွင် အနီးရှိ ဆံပင်ညှပ်ဆိုင်၌ ဆံပင်ညှပ်နေသော အသက် ၁၃ နှစ်အရွယ် မိန်းကလေးတဦးနှင့် မွန်ပြည်သစ် ပါတီဝင် နိုင်အောင်ချမ်း၊ ဆိုင်ကယ်တက္ကစီ မောင်းသူတဦး ကျည်စ ထိမှန်သွားသည်။

ဒုတပ်ကြပ် ကျော်ကျော်အောင်မှာ ဘုရားသုံးဆူ ဆေးရုံတွင် ကွယ်လွန်ခဲ့ပြီး ဘုရားသုံးဆူမြို့ မြောက်ဘက် မဲကသရွာနေ မိန်းကလေးငယ် နော်ချစ်စနိုးဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့သည်။

“တမြို့လုံး ခြောက်ကပ်နေတာပဲ၊ ဒီနေ့လည်း တိုက်ပွဲ ဖြစ်ဦးမယ်လို့ ကောလာဟလတွေ ထွက်နေတော့ ဘယ်သူမှ မသွားလာရဲကြဘူး” ဟု မြို့ခံတဦးက ပြောသည်။

ခြံလုပ်သားများ၊ ထိုင်းဘက်ကမ်းရှိ ဖိနပ်ရုံ၊ အပ်ချုပ်ရုံများသို့ သွားရောက် လုပ်ကိုင်နေကြသည့် မြန်မာဘက်ကမ်းမှ အလုပ်သမများ အလုပ် မဆင်းနိုင်ကြဘဲ အချို့မှာ ထိုင်းဘက်ကမ်းသို့ တိမ်းရှောင်နေကြကြောင်း မြို့ခံများက ပြောသည်။

“ကျနော်တို့ ရဲဘော်က ကွမ်းယာဝယ်ရင်းနဲ့ ပစ်ခံ ထိတယ်လေ။ သူ့လွယ်အိတ်က စစ်လွယ်အိတ် ဖြစ်နေတာကိုး။ အခုဆေးရုံမှာ ခွဲနေတုန်းပဲ။ အရိုးတော့ မထိဘူး” ဟု မွန်ပြည်သစ်ပါတီ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ နိုင်ဟံသာဗွန်ခိုင်က မဇ္ဈိမကို ပြောသည်။

သေနတ်သမားများက ဖောက်ခွဲ ပစ်ခတ်ပြီးနောက် မော်တော်ဆိုင်ကယ်ကို ထားရစ်ကာ မော်တော်ကားတစီးပေါ် တက်ရောက်သွားခဲ့သည်ဟု မျက်မြင်တွေ့ရှိသူ တဦးက ပြောသည်။

“မြင်ရတာ ရုပ်ရှင်ကအတိုင်းပဲ။ စရဖရုံးကို ဗုံးခွဲပြီး လေးမိနစ်လောက် အကြာမှာ ဓမ္မဗိမာန်ကို ဗုံးခွဲတယ်။ သွေးအေးအေးပဲ၊ တယောက်က အပြင်မှာ စောင့်နေတယ်၊ နှစ်ယောက်က ဗုံးထောင်တယ်” ဟု သူက ဆိုသည်။

လွန်ခဲ့သည့် သီတင်းပတ်မှစ၍ ဘုရားသုံးဆူမြို့သို့ ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ဝင်ရောက် တိုက်ခိုက်မည်ဟု ကောလာဟလများ ပျံ့နေခြင်းကြောင့် ခလရ ၂၈၄ က မြို့တွင်းရှိ အစိုးရရုံးများတွင် လုံခြုံရေးများ ချထားခဲ့သည်။ သို့သော်လည်း ပြန်လှန် ပစ်ခတ်မှု မတွေ့ရကြောင်း မြို့ခံများက ပြောသည်။

မေလ ၂၆ ရက်နေ့တွင် နယ်ခြားစောင့်တပ်ကို လက်မခံသည့် ဗိုလ်အေဝမ်း၏ ဒီကေဘီအေ ၉၀၇ တပ်ရင်းက ဘုရားသုံးဆူမြို့ အနောက်မြောက်ဘက် ၆ ကီလိုမီတာ အကွာရှိ မက်ကသာ ရွာအနီးတွင် တပ်ချထားသည့် အစိုးရတပ်ကို ချောင်းမြောင်း ပစ်ခတ်ပြီးနောက် တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်ပြီး အိမ်ထောင်စု ၃၀ ကျော် ဘုရားသုံးဆူမြို့သို့ တိမ်းရှောင်ခဲ့ကြသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ဒီကေဘီအေ ၉ဝ၆ တပ်ရင်းက ဘုရားသုံးဆူမြို့သို့ ဝင်ရောက် တိုက်ခိုက်ပြီး အစိုးရရုံးများကို မီးရှို့ ဖျက်ဆီးခဲ့သည်။ တိုက်ပွဲကြောင့် ဒေသခံ နှစ်ထောင်ကျော် အနီးနားရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဖြစ်သည့် ဂျပန်ရေတွင်း ကျေးရွာ၊ ကြံတောရွာနှင့် ထိုင်းဘက်ကမ်းသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)