Wednesday, June 8, 2011

ရပ်ကွက် အုပ်ချုပ်ရေးရုံးများမှ ဗိုလ်ချုပ်မှူးကြီး၏ ဓါတ်ပုံများ ဖြုတ်မချသေး

မိုးမခ အထောက်တော်၊ ရန်ကုန်
ဇွန် ၇၊ ၂၀၁၁
ဧပြီ လ ၃၀ ရက်နေ့တွင် နအဖ အစိုးရအဖွဲ့ကို တရားဝင်ဖျက်သိမ်းပြီး ကြံ့ဖွံ့ကြီးစိုးသည့် အစိုးရအဖွဲ့သစ်သို့ အာဏာလွှဲအပ်ခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဓါတ်ပုံများအား ရုံးများတွင် ချိတ်ဆွဲထားခြင်းကို ဖြုတ်ချဖို့ ညွှန်ကြားသည့်စာထွက်ရှိခဲ့သည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုအချိန်ထိ ဓါတ်ပုံများ ချိတ်ဆွဲထားဆဲ ဖြစ်သည်ကို တွေ့ရှိရသည်။


      နအဖ အစိုးရအဖွဲ့ဖျက်သိမ်းပြီးနောက်တွင် ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရယူထားသည့် ရာထူး၅ ခုစလုံးမှ အနားယူခဲ့သော်လည်း စစ်တပ်မှ အငြိမ်းစား မယူသေးပဲ ဗိုလ်ချုပ်မှူးကြီး အခေါ်အဝေါ်ဖြင့် ရှိနေဆဲဖြစ်သည်ဟု နေပြည်တော် တပ်အသိုင်းအ၀ိုင်းမှ လာသည့် သတင်းများအရ သိရှိရသည်။


ပြီးခဲ့သည့် လလယ်က သတင်းမီဒီယာများနှင့် ကြံ့ဖွံ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးတို့တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရာထူးအားလုံးမှ အမှန်တကယ် အနားယူသွားပြီဖြစ်သည်ဟု ပြောကြားခဲ့သည်။ ကြံ့ဖွံ့ပါတီ၏ နာယက အဖြစ်မှပါ အနားယူသွားခဲ့ပြီး ပါတီရုံးကိုလည်း လာရောက်ခြင်း မရှိကြောင်း ၄င်းကပြောဆိုခဲ့သော်လည်း ရပ်ကွက်အုပ်ချုပ်ရေးရုံးများ၊ ပြည်ထဲရေး ၀န်ကြီးဌာနလက်အောက်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးများတွင် ဗိုလ်ချုပ်မှူးကြီး၏ ဓါတ်ပုံကို ချိတ်ဆွဲထားဆဲဖြစ်သည်ကို တွေ့နေရသည်ဟု ရန်ကုန်မြို့ခံ တဦးက ပြောသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရာထူးမှ အနားယူသွားသော်လည်း တပ်မတော် အဆောင်အယောင်ကို မချွတ်သေးခြင်းမှာ မည်သည့်ရည်ရွယ်ချက်ကြောင့် ဆိုသည်ကို ရှင်းလင်းစွာ မသိရသေးသော်လည်း တပ်ကို သြဇာလွှမ်းမိုးနိုင်သေးသည်ကို ပြသလိုသည့် သဘောရှိသည်ဟု ရန်ကုန် အခြေစိုက် သတင်းအယ်ဒီတာ တဦးက ပြောသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)