Tuesday, January 24, 2012

အပစ်ရပ်ရေး လွယ်ပေမယ့် နိုင်ငံရေးဆွေးနွေးဖို့ ခက်ကြောင်း မွန်ပြည်သစ်ပြော

ကွန်းချမ်း | တနင်္လာနေ့၊ ဇန်နဝါရီလ ၂၃ ရက် ၂၀၁၂ ခုနှစ် 

စံခလပူရီ (မဇ္ဈိမ) ။       ။ မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေးလုပ်ရန် မခက်ခဲသော်လည်း နိုင်ငံရေး ဆွေးနွေးမှုများ
ပြုလုပ်ရန် ခက်ခဲသည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။


မကြာမီ ရက်ပိုင်းအတွင်း အစိုးရ ကိုယ်စားလှယ်များနှင့် မော်လမြိုင်မြို့တွင် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် စီစဉ်နေစဉ် အတွင်း ပါတီဥက္ကဋ္ဌ နိုင်ထောမွန်က ဆဋ္ဌမအကြိမ်မြောက် မွန်အမျိုးသားရေးရာ နှီးနှောဖလှယ်ပွဲ အပိတ်မိန့်ခွန်းတွင် ဇန်နဝါရီ ၂ဝ ရက်နေ့က ပြောကြားလိုက်ခြင်း ဖြစ်သည်။

“အပစ်အခတ် ရပ်စဲရေး လုပ်တာဟာ လွယ်ပါတယ်။ ကျနော်တို့ ပါတီအနေနဲ့လည်း အပစ်အခတ် ရပ်စဲရေးကို လိုလားပါ တယ်။ ဒါပေမယ့် စစ်ဘက်ကနေ လာတဲ့ လက်ရှိ အစိုးရက မဟာလူမျိုးကြီးဝါဒကို ဆုပ်ကိုင်ထားတော့ နိုင်ငံရေး
ဆွေးနွေးဖို့ ဆိုတာ လွယ်မှာ မဟုတ်ဘူး” ဟု နိုင်ထောမွန်က ကိုယ်စားလှယ်များအား ပြောသည်။

monmeetgov2
လက်ရှိ အစိုးရက မဟာလူမျိုးကြီးဝါဒကို ဆုပ်ကိုင်ထားတော့ နိုင်ငံရေး ဆွေးနွေးဖို့ ဆိုတာ လွယ်မှာ မဟုတ်ဘူး၊ အပစ်အခတ် ရပ်စဲရေး လုပ်တာဟာ လွယ်ပါတယ် (ဓါတ်ပုံ မဇ္ဈိမ)

နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်အချို့က မွန်ပြည်သစ်ပါတီအား အပစ်အခတ် ရပ်စဲစေလို သည့် တင်ပြချက်များနှင့် ပတ်သက်ပြီး နိုင်ထောမွန်က ပြန်လည် ပြောဆိုခြင်း ဖြစ်သည်။

၁၅ နှစ်တာ အပစ်အခတ် ရပ်စဲရေးကာလအတွင်း ကြုံတွေ့ ဖြတ်သန်းခဲ့ရသည်များကို သင်ခန်းစာယူပြီး အပစ်အခတ် ရပ်စဲရေးတွင် မမွေ့လျော်ကြရန်လည်း ကိုယ်စားလှယ်များအား သတိပေး ပြောဆိုခဲ့သည်။

အပစ်အခတ် ရပ်စဲရေးကာလအတွင်း ပါတီဝင်အချို့ စီးပွားရေးလုပ်ငန်းများတွင် မွေ့လျော်ခဲ့ပြီး ပါတီမှ အနားယူသွား
ခြင်း၊ မျှော်မှန်းထားသည့်အတိုင်း နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်မလာခြင်း၊ ပါတီနယ်မြေအနီးတွင် အစိုးရတပ်သစ် များ တိုးချဲ့ ချထားခြင်းကြောင့် ပြည်သူများ မြေယာသိမ်းဆည်းခံရခြင်းနှင့် ပါတီဝင် အများအပြား ပါတီမှ အနားယူသွား
ခြင်း စသည် တို့ကို ထောက်ပြကာ ပြောဆိုခြင်း ဖြစ်သည်။

၁၉၉၅ ခု အပစ်အခတ် ရပ်စဲစဉ်က အင်အား ၇,ဝဝဝ ခန့် ရှိသည့် မွန်ပြည်သစ်ပါတီတွင် ၂ဝ၁ဝ ခု အပစ်အခတ် ရပ်စဲရေး ပျက်ပြားချိန်၌ အင်အား ၂,ဝဝဝ ဝန်းကျင်သာ ကျန်ရှိတော့သည်။

ပြည်ထောင်စုအဆင့် အစိုးရ ကိုယ်စားလှယ်များနှင့် ၂ဝ၁၁ ဒီဇင်ဘာလ ၂၂ ရက်နေ့ ပထမအကြိမ် ပဏာမ ဆွေးနွေးပွဲ တွင် လည်း မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက အပစ်အခတ် ရပ်စဲပါက အချိန်အပိုင်းအခြား တခု သတ်မှတ်ကာ နိုင်ငံရေး ဆွေးနွေးပွဲကို အမြန်ဆုံး ပြုလုပ်ရန် လိုကြောင်း တင်ပြခဲ့သည်။

ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဒုတိယအကြိမ် မော်လမြိုင်မြို့၌ ထပ်မံ ဆွေးနွေးနိုင်ရန်အတွက် မွန်ငြိမ်းချမ်းရေး အကျိုးဆောင်များမှ တဆင့် သက်ဆိုင်ရာ မြန်မာအစိုးရ အရာရှိထံ အကြောင်းကြားခဲ့ပြီး ဖြစ်သည်ဟုလည်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တဦးက ပြောသည်။

ဆွေးနွေးပွဲတွင် တင်ပြနိုင်ရန်အတွက် တနင်္လာနေ့တွင် ဗဟိုဌာနချုပ် ရှိရာ ရေးချောင်းဖျားဒေသတွင် ဗဟိုအလုပ်မှု
ဆောင် ကော်မတီများ ညှိနှိုင်းဆွေးနွေးလျက် ရှိသည်ဟု မဟာမိတ်နှင့် နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ
နိုင်ဟံသာပိန်ခိုင်း ကပြောသည်။

“ဒီနေ့ စပြီး ဆွေးနွေးနေတယ်။ ဘယ်နေ့ စကားပြောဖြစ်မလဲဆိုတာ မသေချာသေးဘူး။ ဒီအပါတ်လောက်ပဲ ဖြစ်မှာပါ” ဟု ပြောသည်။

ဆဋ္ဌမအကြိမ်မြောက် မွန်အမျိုးသားရေးရာ နှီးနှောဖလှယ်ပွဲကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဖြစ်သည့် ဘုရားသုံးဆူမြို့နယ် ဗလဲ့ဒွန်းဖိုက်ကျေးရွာတွင် ဇန်နဝါရီလ ၁၈ ရက်နေ့မှ ၂ဝ ရက်နေ့ထိ ကျင်းပခဲ့ပြီး မွန်ပြည်သစ်ပါတီ အပါအဝင် ပြည်တွင်း၊ လွတ်မြောက်နယ်မြေ၊ ထိုင်းနှင့် နိုင်ငံတကာရောက် မွန်ကိုယ်စားလှယ် ၇၇ ဦးနှင့် လေ့လာသူ ၁၅ ဦး တက်ရောက် ခဲ့သည်။

မွန်အမျိုးသားရေးရာအဖွဲ့ချုပ်က ဦးစီးကျင်းပသည့် အဆိုပါ နှီးနှောဖလှယ်ပွဲတွင် မျက်မှောက် မွန်အမျိုးသားတို့၏နိုင်ငံရေး၊ စစ်ရေး၊ ပညာရေးနှင့် မွန်အမျိုးသားရေးရာအဖွဲ့၏ ဦးဆောင်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး၊ ကိုယ်စားလှယ်များက ပြည်တွင်း မွန်နိုင်ငံရေး ပါတီနှစ်ခု ပေါင်းစည်းရန်နှင့် မွန်အမျိုးသားရေးရာ အဖွဲ့ချုပ်ကိုလည်း
ပြည်သူ့လွှတ်တော် ပါလီမန်ကဲ့ သို့ မြှင့်တင်သွားရန် စသည်တို့ကို သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)