Monday
, 28 May 2012
ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲမှာ လူထုတို့ရဲ့ ဆန္ဒတွေကိုလည်း ဆွေးနွေးတင်ပြနိုင်ဖို့ ဧပြီလ ၁၈ ရက်နေ့မှ ၂၈ ရက်နေ့အထိ လူထုအကြား ကွင်းဆင်းမှုတွေ လုပ်ခဲ့တဲ့ KNPP ကို ပြည်သူလူထုက လှိုက်လှိုက်လှဲလှဲ လက်ခံကြိုဆိုခဲ့ကြတာကို တွေ့မြင်ရပါတယ်။ အများပြည်သူတို့ဘက်က သတ္တိရှိရှိနဲ့ အခုလို ထောက်ခံကြိုဆိုလိုက်တာဟာ လက်ရှိ KNPP နဲ့ အစိုးရတို့အကြား ငြိမ်းချမ်းရေးကို အမှန်တကယ် ဖော်ဆောင်နိုင်ဖို့ တွန်းအားဖြစ်သလို KNPP အတွက် အခုတခေါက် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုဟာ နောက်ဆုံးအကြိမ်လည်း ဖြစ်သွားနိုင်ပါတယ်။
ပြီးခဲ့တဲ့ ၁၉၉၅ ခုနှစ်က KNPP နဲ့ စစ်အစိုးရတို့ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ဖူးပါတယ်။ ၃ လအကြာမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေ ပြန်လည်ပျက်ပြားခဲ့တဲ့အတွက် KNPP ကို ထောက်ခံခဲ့တဲ့ ပြည်သူတွေကို စစ်တပ်ကနေ ဖမ်းဆီးချုပ်နှောင်ပြီး သတ်ဖြတ်မှုတွေ လုပ်ခဲ့ပါတယ်။ ဘာဖြစ်လို့ ကရင်နီပြည်သူပြည်သားတွေဟာ အကြောက်တရားအောက်မှာ ရောက်နေကြလဲ ဆိုတာနဲ့ ပတ်သက်ပြီး ၁၉၉၅ အတွေ့အကြုံကို ပြန်လည်ဆန်းစစ်ကြည့်ရင် ရုပ်လုံးပေါ်လာနိုင်မှာပါ။ ဒီအတွေ့အကြုံတွေ ရှိထားခဲ့ကြပေမဲ့လည်း အခုတကျော့ပြန် အပစ်အခတ်ရပ်စဲရေး ကာလမှာ KNPP ကို ထောက်ခံတဲ့ ပြည်သူတွေ လျော့နည်းမသွားကြပါဘူး။ ယခင်ကထက် စာရင် လူထုရဲ့ ထောက်ခံမှုက ပိုတောင် များလာပါသေးတယ်။
ဒါတွေဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အများပြည်သူတွေက အမှန်တကယ် လိုလားတောင့်တတယ် ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဒါကြောင့် KNPP အနေနဲ့ အခု အစိုးရနဲ့အတူ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ပေါ်ပေါက်လာဖို့ ကြိုးပမ်းရာမှာ အများပြည်သူတွေရဲ့ သဘောထားနဲ့ ဆန္ဒအမှန်ကို အဓိက ထားပြီး ဆောင်ရွက်မယ်ဆိုရင် ဒီတကျော့ အပစ်အခတ်ရပ်စဲရေးကို မပျက်ပျယ်စေဖို့ အခိုင်အမာ တည်ဆောက်ရပါတော့မယ်။
ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စု အစိုးရနဲ့ နိုင်ငံရေး ဆွေးနွေးရာမှာ KNPP ကနေ တင်ပြထားတဲ့ အချက်တွေကို အစိုးရဘက်က အကုန်လက်မခံနိုင်ဘူး ဆိုလာခဲ့ရင်တောင်မှ KNPP ဘက်က တင်းခံလို့ မရတဲ့ အခြေအနေအထိတောင် ဖြစ်သွားနိုင်ပါတယ်။ နိုင်ငံရေး ဆွေးနွေးမှုတွေထဲက တင်ပြထားတဲ့ အချို့အချက်တွေကို အစိုးရကနေ ပယ်ချက်လိုက်တဲ့ အခြေအနေမျိုးကို ကြုံလာတဲ့အတွက် ပဏာမအဆင့် အပစ်အခတ်ရပ်စဲရေးကို ပယ်ဖျက်ပြီး ဆက်လက်တင်းခံသွားမယ် ဆိုလိုက်တဲ့ နေ့ရက်ကနေ စပြီး အများပြည်သူလူထုရဲ့ ထောက်ခံမှု ချက်ချင်း လျော့ကျသွားနိုင်ပါတယ်။ ဒါဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ အများပြည်သူရဲ့ ဖိအားလို့ပဲ ယူဆပါတယ်။
ကရင်နီပြည်မှာ ၁၉၉၅ ခုနှစ်က စပြီး စစ်အစိုးရလက်ထက်မှာ အပစ်အခတ် ရပ်စဲရေးယူသွားတဲ့ ကရင်နီ လက်နက်ကိုင် အုပ်စုကွဲတွေ ရှိခဲ့ပါတယ်။ KNPP နဲ့ ကွာနေတာက လူထုအသံနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု မပါဘဲ အဖွဲ့အစည်း ရပ်တည်နိုင်ရေးအတွက် အဓိကထား လုပ်ဆောင်ခဲ့ကြပါတယ်။
၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရသစ်လက်ထက်မှာတော့ တိုင်းရင်းသား အင်အားစုတွေ အားသာနေတဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုနဲ့ အဖြေရှာခြင်း ဆိုတဲ့ တခါးတွေ ပွင့်လာပါတယ်။ ဒါပေမဲ့ ဒီတွေ့ဆုံဆွေးနွေးမှုတွေက အများပြည်သူ နားမလည်လိုက်တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံခြေခံဥပဒေအောက်မှာ သွားနေရတဲ့အတွက် အခု ကြိုးပမ်းတည်ဆောက်နေကြတဲ့ ငြိမ်းချမ်းရေးဟာ ခိုင်မာနိုင်ပါ့မလား၊ အမှန်စစ်စစ် ဖြစ်ရဲ့လား ဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့အချုပ် NLD တောင်မှ လက်ရှိ အခြေခံဥပဒေဟာ တရားမျှတမှု မရှိမှန်း သိသိနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ပြီး ပါလီမန်ထဲကို ၀င်ရောက်လာခဲ့ပါတယ်။
ပါလီမန်မှာ စစ်တပ် ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား အမတ်တွေဟာ စစ်တပ်ရဲ့ ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီနဲ့ မဟာမိတ် ဖြစ်တဲ့ ကိစ္စဟာလည်း အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲဖို့ လွှတ်တော်နိုင်ငံရေး လောကကို ၀င်လာတဲ့ NLD အတွက်လည်း မလွယ်ကူလှပါဘူး။ ဒါပေမဲ့ ဒီလိုကြိုးပမ်းမှုတွေမှ မလုပ်ရင် အများပြည်သူ လိုလားတောင့်တနေကြတဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ပေါ်ပေါက်လာရေးတို့အတွက် ဒီ့ထက်သင့်တော်တဲ့ နည်းလမ်းတွေ မရှိတော့တဲ့အတွက်ပဲ ဖြစ်တယ်လို့ ယူဆပါတယ်။
ဒါကြောင့် KNPP အနေနဲ့လည်း အခု ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေး ခရီးစဉ်မှာ နိုင်ငံရေးအရ ဆွေးနွေးတင်ပြချက်တွေ အောင်မြင်မှု မရလာနိုင်ပေမဲ့လည်း လွယ်လွယ်နဲ့ နောက်မဆုတ်ဖို့တော့ အရေးကြီးလှပါတယ်။ တခြားတိုင်းရင်းသား အင်အားစုတွေထက် စာရင် KNPP ဟာ လူထုထောက်ခံမှု သိသိသာသာ ရှိနေတဲ့အတွက် အများပြည်သူရဲ့ အသံကို အခြေခံပြီး ငြိမ်းချမ်းရေးအတွက် အဆုံးအထိ ကြိုးပမ်းဖို့ လိုအပ်ပါကြောင်း …။
Source: http://www.ktimes.org/index.php/rokstoriesnews/201-knpp
No comments:
Post a Comment