Tuesday, September 25, 2012

နိုင်ငံသားစိစစ်ရေးကဒ် ရရှိရန် ငွေပေးနေရဆဲ


 ကော့လီ

ရှမ်းပြည်နယ် မူစယ်မြို့နယ်မှာ မြန်မာနိုင်ငံသား ၁၁ ဦးက နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရာမှာ လူ ဝင်မှုကြီးကြပ်ရေးဦးစီးဌာနကို ငွေကြေး အမြောက်အမြား ပေးခဲ့ရတယ်လို့ သတင်းရရှိပါတယ်။
ရှမ်းပြည်နယ် မူစယ်မြို့နယ် မန်ဟျိုးမြို့နယ်ခွဲ ကောက်ကွတ်ရွာနေ ၁၁ ဦးက နိုင်ငံသား စိစစ်ရေးကတ်ပြား လျှောက်ထားရာမှာ တစ်ဦးကို တရုတ်ယွမ်ငွေ ၁၈၀၀ (မြန်မာငွေ ကျပ်နှစ်သိန်းကျော်) ပေးခဲ့ရာတယ်လို့ မူစယ်မြို့ခံ တစ်ဦးက ကော့လီကို ပြောပြပါတယ်။

ကောက်ကွတ်ရွာသား ၁၁ ယောက် မှတ်ပုံတင်လုပ်ဖို့ လျှောက်တာ (စက်တင်ဘာ) ၂၁ ရက်နေ့မှာ လဝကဦးစီးမှူးက သူတို့ကို လူကိုယ် တိုင်တွေ့ချင်တယ်လို့ ခေါ်တွေ့တယ်။ ပြီးတော့ မှတ်ပုံတင်ကို တစ်ရက်တည်း အပြီး ထုတ်ပေးလိုက်တယ်။ တရုတ်ငွေ ၁၈၀၀ ပေးလိုက် ရတယ်။ ဒါတောင် အခုခေတ်အခါမို့လို့ ဒီလောက်နဲ့ရတာ၊ အရင်ကဆို တရုတ်ငွေ သုံးလေးထောင် ပေးမှရတယ်လို့ ဦးစီးမှူးကိုယ်တိုင် သူ တို့ကို ပြောလိုက်တာ – လို့ သူက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သား အစိုးရ တက်လာပြီးနောက်ပိုင်းမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရဲချုပ်ဟောင်း ဦးခင်ရီ က နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မြန်မာငွေ ၆ ကျပ်နဲ့ ပြုလုပ်နေကြောင်းတွင်တွင် ပြောဆိုခဲ့ပြီး အစိုးရ သတင်းစာများမှာလည်း နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခမဲ့ နေ့ချင်းပြီး ဆောင်ရွက်ပေးနေကြောင်း မကြာခဏ ထည့်သွင်းဖော်ပြတာကို တွေ့ရပါတယ်။

အစိုးရက အခုလို ကြိုးစားနေပေမယ့် ဝန်ထမ်းတွေက အချိန်အခါ နေရာဒေသ အလိုက် အခုလို ငွေတောင်းခံနေတာနဲ့ ပတ်သက်လို့ – ကုန်ဈေးနှုန်းကြီးမှုနဲ့ ဝန်ထမ်းတွေရဲ့ လစာ မလုံလောက်မှုကြောင့်ပဲ ဒီလိုဖြစ်နေရတာ။ လဝကရုံးမှာ မှတ်ပုံတင်လုပ်ရင် ပိုက်ဆံပေးရတယ်၊ အဲဒီပိုက်ဆံက လက်ခံတဲ့ ဝန်ထမ်းတစ်ယောက်ထဲ ရတာမဟုတ်ဘူး၊ ရသမျှကို ရန်ပုံငွေ သဘောမျိုးစုပြီး ရာထူးကြီးငယ်အလိုက် ဝန်ထမ်းအားလုံး အချိုးကျ ခွဲဝေယူကြရတာ – လို့ လဝကရုံးကို မကြာခဏ သွားရောက်သူတစ်ဦးက ကော့လီကို ပြောပြပါတယ်။


Source: http://www.9dblood.com/2012/09/blog-post_24.html

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)