Thursday, October 11, 2012

ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၏ သဘောထားထုတ်ပြန်ကြေညာချက်



ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၏ သဘောထားထုတ်ပြန်ကြေညာချက်
 
( ကြေညာချက် အမှတ် ၁ဝ /၂ဝ၁၂ )

ရက်စွဲ။ ။ ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ( ၁၁ )ရက်

ကျွန်ုပ်တို့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီသည် မြန်မာနိုင်ငံ ဖြတ်သန်း ခဲ့သော နိုင်ငံရေး အနေအထား အရပ်ရပ်၊ ဖြစ်ရပ် အထွေထွေနှင့် တိုင်းရင်းသား အချင်းချင်း အကြား နိုင်ငံရေး ယုံကြည်မှု မရရှိ နိုင်ခဲ့သည့် ဖြစ်ရပ် အဝဝ တို့ကို သင်ခန်းစာ ယူ၍ ပြည်တွင်း ငြိမ်းချမ်းရေး အပြီးတိုင် ရရှိရေးနှင့် စပ်လျဉ်းသည့် သဘောထား ရပ်တည်ချက်ကို အောက်ပါ အတိုင်း ထုတ်ပြန်လိုက်သည်-
(က) ငြိမ်းချမ်းရေးသို့ မျက်နှာမူနေပြီ ဖြစ်သည့် ယနေ့ မြန်မာနိုင်ငံတွင် အပြစ်မဲ့ ပြည်သူများ၏ ဘဝ တည်ငြိမ် အေးချမ်းရေးကို မထိခိုက်စေရန် အတွက် စစ်မက် ဖက်ပြိုင် တိုက်ခိုက်မှု မှန်သမျှ လုံးဝ ချုပ်ငြိမ်းရေးသည် အဓိက ကျနေသည် ဟူ၍လည်းကောင်း၊

(ခ) အပစ်အခတ် ရပ်စဲရေးသည် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အရေးပါသည့် အချက်တစ်ရပ် ဖြစ်သော်လည်း ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့သော ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ အရ အပစ်အခတ် ရပ်စဲရုံ မျှဖြင့် ထာဝရ ငြိမ်းချမ်းရေးကို အာမခံ နိုင်ခြင်းမရှိဟု ရှုမြင်၍ လည်းကောင်း၊
(ဂ) နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းခြင်းဖြင့်သာ တန်ဖိုး ကြီးမားလှသည့် ပြည်တွင်း ငြိမ်းချမ်းရေးကို အမျိုးသား သွေးစည်း ညီညွတ်ရေးကြီး နှင့်အတူ တိုင်းရင်းသား ပြည်သူတို့ လက်ဝယ် ပိုင်ပိုင် ရနိုင်လိမ့်မည် ဟူ၍ လည်းကောင်း။
ကျွန်ုပ်တို့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ အလေးအနက် ယုံကြည်သည်။
ထိုသို့ ယုံကြည်သည့် အတိုင်း အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး၊ ပြည်ထောင်စု မပြိုကွဲရေး ဖော် ဆောင်မှုတို့နှင့် တစ်ပြိုင်နက်တည်းပင် စစ်မှန်သော ဒီမိုကရေစီ ပြည်ထောင်စု ဘဝသို့ ရောက်ရှိရေး ကြိုးပမ်းမှုတို့
စဉ်ဆက်မပြတ် ဖြစ်ထွန်း ပေါ်ပေါက်ရေး သည် ယနေ့ မြန်မာနိုင်ငံ၏ အဓိက နိုင်ငံရေး လိုအပ်ချက်ကြီး ဖြစ်ပေသည်။ ထိုသို့ နိုင်ငံရေးဆိုင်ရာ လိုအပ်ချက်၊ အခြေခံ ဥပဒေဆိုင်ရာ လိုအပ်ချက်များကို နိုင်ငံရေး နည်းလမ်းဖြင့် အတူတကွ လက်တွဲ ဖြေရှင်းကြမှသာ စစ်မှန်သော ဒီမိုကရေစီ ပြည်ထောင်စု ဘဝကို ရရှိကြမည် ဖြစ်သည်။
ထို့ကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အတူ စစ်မှန်သော ဒီမိုကရေစီ ပြည်ထောင်စုစနစ် ဖြစ်ထွန်း လာစေရေးအတွက် အောက်ပါတို့ကို ဦးစွာ ဖြည့်ဆည်း ဖော်ဆောင်သွားကြရန် အထူး လိုအပ်ပါသည်-

(က) နိုင်ငံသား ပြည်သူတိုင်း ဥပဒေ အောက်တွင် အခွင့်အလမ်းအရ လည်းကောင်း အဆင့်အတန်း အရလည်းကောင်း တန်းတူညီမျှ ရရှိရေး၊
(ခ) တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးသို့ အခြေခံ ဥပဒေနှင့်အညီ စစ်မှန်သော ကိုယ်ပိုင် ပြဌာန်း ခွင့် ကျင့်သုံးနိုင်ရန် ကြွင်းကျန် အာဏာများ (Residual Power) ထဲမှ သင့်လျော် မျှတသော အာဏာခွဲဝေမှု ( Decentralization of power) ကို ပြင်ဆင် သတ်မှတ်ပေးရေး၊
(ဂ) ဤသို့ သတ်မှတ်ရာတွင် ဘဏ္ဍာရေးဆိုင်ရာ ထိရောက်သော ခွဲဝေ ကျင့်သုံးမှု (Finicial decentralization) နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၏ အချုပ်အခြာ အာဏာဘောင် အတွင်းရှိ သယံဇာတ တို့ကို ပီပြင်စွာ ခွဲဝေကျင့်သုံး နိုင်မှု (Resources sharing) များ ရရှိစေရေး

(ဃ) တိုင်းဒေသကြီး (၇) ခု၊ ပြည်နယ် (၇) ပြည်နယ်တို့အား လက်ရှိ နယ်နမိတ်ပြဌာန်းချက် များအတိုင်း ဒေသအပေါ်အခြေခံသော အမည်သစ်များဖြင့် တန်းတူရည်တူ ၊ အခွင့်အလမ်းတူ တိုင်း(၁၄) တိုင်း၊ သို့မဟုတ် ပြည်နယ်(၁၄) ပြည်နယ် အဖြစ် သတ်မှတ်နိုင်ရန် အများသဘော တူမူဖြင့် ဆောင်ရွက်စေရေး။ (ဤသို့ဖြင့် လူမျိုးရေး အခြေခံ မဟုတ်သော ပြည်ထောင်စု သဏ္ဍာန်ဖြင့် တစ်မျိုးသားလုံး စည်းလုံး ညီညွတ်မှု ရရှိရေးကို ရည်ရွယ်သည်၊)
(င) ထိုတိုင်း သို့မဟုတ် ပြည်နယ် (၁၄) ခုတွင် အခြေခံဥပဒေအရ မိမိတို့ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဒေသ အစိုးရ အဖွဲ့များကလည်းကောင်း၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဒေသ လွှတ်တော် များက လည်းကောင်း၊ လူမျိုးအားလုံး၏ မွေးရာပါ အခွင့်အရေးကို အာမခံမည့် ကိုယ့် ကြမ္မာကိုယ် ဖန်တီးခွင့်ကို ဒေသအလိုက် တရားစီရင်ရေး အာဏာပိုင်တို့မှ မိမိတို့ဒေသ အချုပ်အခြာ အာဏာဘောင် အတွင်းမှ လည်းကောင်း ပီပြင်စွာ ကျင့်သုံးနိုင်ခွင့် ရရှိရေး။

အထက်ဖော်ပြပါ အချက်တို့ဖြင့်သာ ထာဝရ ငြိမ်းချမ်းရေးနှင့် အမျိုးသား သွေးစည်း ညီညွတ်ရေး တို့ကို အရှိန်အဟုန်ဖြင့် ပြီးမြောက်အောင် ဆောင်ရွက် နိုင်ကြမည်ဖြစ်ပြီး ထိုမှတစ်ဆင့် အကျိုးဆက်အဖြစ် စစ်မှန် သော ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင် နိုင်မည်ဟု ကျွန်ုပ်တို့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ အမျိုးသား အကျိုးစီးပွားနှင့် တစ်မျိုးသားလုံး လုံခြုံ အေးချမ်းရေးကို ရှေ့ရှုလျှက် အလေးအနက် အခိုင်အမာ ယုံကြည်ကြောင်း ကြေငြာအပ်ပါသည်။

(၁၁-၁ဝ-၂ဝ၁၂ ရက်နေ့တွင် ကျင်းပသော ဗဟို အလုပ်အမှုဆောင် ကော်မတီ အထူး အစည်းအဝေး ဆုံးဖြတ်ချက် အရ)

ဗဟို အလုပ်အမှုဆောင် ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစု


Source: http://www.facebook.com/thevoiceweekly/posts/477852532235011

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)