Friday, November 16, 2012

ဝန်ကြီးဌာန ၁၅ ခုကို စစ်ဆေးရာတွင် အလွဲသုံးစားမှု၊ မရိုးဖြောင့် မသမာ သဘောဖြင့် ဆောင်ရွက်မှုများရှိခဲ့သဖြင့် အရေးယူမှုများ ပြုလုပ်

15/Nov/2012


၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အရ အသုံးဘတ်ဂျက်နှင့် ပတ်သက်၍  ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အရေးကြီး စစ်ဆေးတွေ့ရှိချက်အဖြစ် ၀န်ကြီးဌာန ၁၅ ခုတွင် အလွဲသုံးစားမှု၊ မရိုးဖြောင့် မသမာသော သဘောဖြင့် ဆောင်ရွက်မှုကြောင့်  နိုင်ငံတော်မှ နစ်နာဆုံးရှုံးမှု ၄၇ မှု၊ နိုင်ငံတော်သို့ ပေးသွင်းရမည့် နစ်နာငွေ ကျပ်သန်းငါးသောင်းကျော်နှင့် အမေရိကန်ဒေါ်လာ နှစ်သိန်းကျော် ရှိခဲ့ကြောင်း သိရသည်။ 

 အဆိုပါ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ခွဲဝေပေးထားသော ဘဏ္ဍာငွေများအပေါ် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ ထူးခြားသော စစ်ဆေးပေါ်ပေါက်ချက်များနှင့် အရေးယူ ဆောင်ရွက်ချက်များအရ စာရင်းစစ်ချုပ်ရုံး အနေဖြင့် ၂၀၁၁ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်အတွင်း စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ ဌာနဆိုင်ရာနှင့် အဖွဲ့အစည်း ၂၅ ခုမှ အရေးကြီးသော စစ်ဆေးတွေ့ရှိချက် (စာရင်းစစ်ကန့်ကွက်ချက်)ပါ နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရမည့်ငွေများ အပြည့်အ၀ ပြန်လည်ပေးသွင်းခြင်း၊ တာဝန်ရှိသူများကို အရေးယူမှုပြုလုပ်ခြင်း၊ ကြပ်မတ်ထိန်းသိမ်းမည့် အစီအမံများ ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြချက်အရ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အရ အသုံးဘတ်ဂျက်နှင့် ပတ်သက်၍ ၀န်ကြီးဌာန ၁၅ ခု ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်း ၄၇ ခုတို့၏ အရေးကြီးသော စစ်ဆေးတွေ့ရှိချက်များအရ နိုင်ငံတော်သို့ ပေးသွင်းရမည့် နစ်နာငွေ ကျပ်သန်း ၅၈၃၉၈ ဒသမ ၈၁၀ နှင့် အမေရိကန်ဒေါ်လာ ၂၃၂၉၇၇ ဒသမ ၃၁၀ စစ်ဆေး တွေ့ရှိခဲ့ကြောင်း၊ အဆိုပါငွေများအနက် ကျပ်သန်း ၁၇၄၂၆ ဒသမ ၇၇၂ နှင့် အမေရိကန်ဒေါ်လာ ၁၆၂၃၂၂ ဒသမ ၂၉၀ မှ ပြန်လည် ပေးသွင်းပြီးကြောင်း၊ ပေးသွင်းရန် ကျန်ရှိငွေမှာ ကျပ်သန်း ၄၀၉၇၂ ဒသမ ၀၃၈ နှင့် အမေရိကန်ဒေါ်လာ ၇၀၆၅၅ ဒသမ ၀၂၀ ရှိကြောင်း သိရသည်။ ယင်းပေးသွင်းရန် ကျန်ရှိငွေမှ  ကျပ်သန်း ၄၀၈၂၈ ဒသမ ၁၂၂ နှင့် အမေရိကန်ဒေါ်လာ ၇၀၆၅၅ ဒသမ ၀၂၀ တို့မှာ ပုဂ္ဂလိကထံမှရရန် အကြွေးများဖြစ်ပြီး ၀န်ထမ်းများ၏ မှားယွင်းမှုနှင့် အလွဲသုံးစားမှုကြောင့် နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရမည့် ငွေမှာ ကျပ်သန်း ၁၄၃ ဒသမ ၉၁၆ ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်သို့ ပေးသွင်းရမည့် ပုဂ္ဂလိကထံမှ ရရန်အကြွေးမှာ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနမှ ကျပ်သန်း ၃၅၆၅၃ ဒသမ ၇၀၇ နှင့် အမေရိကန်ဒေါ်လာ ၇၀၆၅၅ ဒသမ ၀၂၀၊  ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ကျပ်သန်း ၄၈၁၅ ဒသမ ၀၀၀၊ ပြန်ကြားရေး ၀န်ကြီးဌာနမှ ကျပ်သန်း ၈၈ ဒသမ ၄၆၅ နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ကျပ်သန်း ၂၇၀ ဒသမ ၉၅၀ တို့ဖြစ်ကြောင်း သိရသည်။ ၀န်ထမ်းများ၏ မှားယွင်းမှုနှင့် အလွဲသုံးစားမှု နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရမည့် ငွေကျပ်သန်း ၁၄၃ ဒသမ ၉၁၆ တွင် ပြန်ကြားရေး ၀န်ကြီးဌာနမှ ကျပ်သန်း ၁၁၇ ဒသမ ၇၀၁၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ ကျပ်သန်း ၇ ဒသမ ၁၅၈၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ကျပ်သန်း ၁၉ ဒသမ ၀၅၇ တို့ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ စစ်ဆေးခဲ့သော ၀န်ကြီးဌာန ၁၅ ခုမှာ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ကျန်းမာရေး ၀န်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန၊ ပြန်ကြားရေး ၀န်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ သမ၀ါယမ၀န်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန တို့ဖြစ်သည်။ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးသိန်းထိုက်က ထိုသို့ တင်ပြခဲ့ခြင်း ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Source: http://www.khitlunge.net.mm/news/news_detail.aspx?info_id=27784

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)