Thursday, December 6, 2012

ဟံသာဝတီ ဦးဝင်းတင်ရဲ့ သုံးသပ်ချက်အမြင်


December 4, 2012

သမ္မတရုံးဝန်ကြီးဌာနပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းမှပြီးခဲ့ သည့် နိုဝင်ဘာ  (၂၆) ရက်နေ့၌ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသို့ရောက်ရှိခဲ့ပြီး ခရီးစဉ်  အတွင်း လက်ပံတောင်း တောင်ဒေသရှိ ရွာသူရွာသားများ၊ ရွာ (၂၆) ရွာမှ တင်မြှောက်ထားသော ကိုယ်စားလှယ်များ  နှင့် တွေ့ဆုံခဲ့ပြီး ယင်းဒေသရှိသံဃာတော်များအား တွေ့ဆုံလျှောက်ထားရာ၌ မိမိ တို့အနေဖြင့် တရုတ်ကိုကြောက်ရကြောင်း၊   ၈၈ အရေးအခင်းကာလအတွင်းတိုင်းပြည်တွင် စားစရာမရှိ၍ တရုတ်မှရိက္ခာသွင်းခဲ့ရ၍ ပြည်သူများအသက် ဆက်ခဲ့ရကြောင်း နှင့် တရုတ်အား ရန်မဖြစ်ရဲကြောင်း လျှောက်ထားပြောဆိုခဲ့ခြင်းအပေါ်ဝါရင့် သတင်းစာဆရာကြီးတစ်ဦးဖြစ်သူ ဟံသာဝတီ ဦးဝင်းတင်အား Hot news မှ တွေ့ဆုံ၍ ယင်းစကား များ၏ တိုင်းပြည်နှင့်လူမျိုးအပေါ် သက်ရောက်မှုများအပေါ်အမြင် သုံးသပ်ချက်များအား မေးမြန်းဖြစ်ခဲ့ပါသည်။
ဦးအောင်မင်းလက်ပံတောင်းတောင်ဒေသ ခံသံဃာတော်တွေနဲ့ တွေ့တဲ့အခါတုန်းက  တပည့်တော်တို့ဟာအရေးအခင်းကာလက စားစရာမရှိလို့တရုတ်ဆီက ရိက္ခာ သွင်းရလို့အသက်ဆက်ခဲ့ရတယ်လို့ဆိုပါ တယ်။ ဘဘ တကယ်ရောအဲဒီအချိန်က  တိုင်းပြည်မှာ စားစရာမရှိအောင်ငတ်ခဲ့တဲ့  အနေအထားမျိုးဖြစ်ခဲ့ပါသလား။
သူပြောတော့ ၈၈ အရေးတော်ပုံကြီးမှာတုန်းက စားစရာမရှိလို့တရုတ်ကနေသွင်းပြီး ပြည်သူတွေအသက် ဆက်ခဲ့ရ တယ်တဲ့။ ၈၈ တုန်းက လူထုက အစိုးရ   တစ်ရပ်ပြောင်းဖို့ ဒီမိုကရေစီအသွင်ကူး ပြောင်းပေးဖို့ ဆန္ဒပြတာပဲ။ အဲဒီတုန်းက တိုင်းပြည်မှာ စားစရာမရှိအောင်ငတ်နေ တယ်ဆိုတာ ကျွန်တော်လုံးဝ လက်မခံဘူး။   အဲဒီတုန်းက တိုင်းပြည်မှာ အခြေအနေတွေ ဘယ်လိုပဲဖြစ်နေပါစေ။ ရိက္ခာဖြတ်ပြီး  ငတ်တယ်ဆိုတာမျိုး လုံးဝမဖြစ်ခဲ့ဘူး။ ဦးအောင်မင်းပြောတဲ့ တိုင်းပြည်မှာ အဲဒီ တုန်းကစားစရာမရှိလို့ တရုတ်ကသွင်းရတာကြောင့် အသက်ဆက်ခဲ့ရတယ်ဆို တာဟာ ချဲ့ကားပြောတဲ့စကားတရုတ်ကို  စန်းတင်တဲ့စကားပဲ။ ကျွန်တော်ဒီလိုပဲဖြစ်တယ်။

ဟုတ်ကဲ့ နောက်ဝန်ကြီးဦးအောင်မင်းပြောတဲ့ထဲမှာ “တရုတ်ကိုကြောက်ရတယ် ရန်မ ဖြစ်ရဲဘူး”လို့ပါပါတယ် အဲဒီစကားအပေါ်  ဘဘရဲ့အမြင်ကိုသိပါရစေ။
သူပြောတဲ့ထဲမှာ တရုတ်ကကယ်ခဲ့လို့ အဲဒီကျေးဇူးလေးတွေကိုပြန်ကြည့်ရမယ်ဆိုတာပါတယ်။ တရုတ်ကယ်ခဲ့တာ တရုတ်ရဲ့ ကျေးဇူးရှိတာ မြန်မာပြည်သူ တွေရဲ့ အပေါ်မှာမဟုတ်ဘူး။ သူတို့အပေါ် မှာ။ အာဏာရှင်အစိုးရရဲ့ အပေါ်မှာပဲရှိတာ။ မြန်မာပြည်သူတွေအပေါ်တရုတ် ကျေးဇူးဘာမှမရှိဘူး။ တရုတ်ကိုကြောက်စရာရှိလည်း သူတို့ပဲကြောက်မှာ။ မြန်မာပြည်သူတွေ တရုတ်ကို ဘယ်တော့မှ မကြောက်ဘူး။ ကျေးဇူးတင်စရာရှိလည်း သူတို့ပဲကျေးဇူးတင်။ သူ့ကိုပြောချင်တာက  မြန်မာ့သမိုင်းကိုပြန်ကြည့်ပါ။ မြန်မာတွေ  တရုတ်ကိုဘယ်တော့မှ မကြောက်ခဲ့ဘူး။  ဘယ်တော့မှလည်းကြောက်မှာမဟုတ်ဘူး ဆိုတာသိရလိမ့်မယ်။ ကုန်းဘောင်ခေတ်တို့၊ ပုဂံခေတ်တို့မှာ တရုတ်တွေဘက်စစပြီး ရန်စကျူးကျော်မှုတွေလုပ်ခဲ့တာပဲ။ အဲဒီတုန်းက မြန်မာတွေက တရုတ်ကို ကြောက်ပြီး ငြိမ်ခံနေခဲ့လို့လား။ မနေခဲ့ဘူး။  တရုတ်ကို ပြန်တော်လှန်ခဲ့တာပဲ။ ဦးအောင်မင်းပြောတဲ့ထဲမှာ တရုတ်ကို ရန်မဖြစ်ရဲဘူးလို့ဆိုတာပါတယ်။ မြန်မာ တွေဟာ ရန်မဖြစ်ရဲတာမဟုတ်ဘူး။ ရန်မဖြစ်တတ်တာ။ကိုယ့်အိမ်နီးချင်းအပေါ်  ရိုင်းပင်းတာကူညီတာ။ အဲဒါကို ခုတုံးလုပ် ပြီး။ တရုတ်တွေမြန်မာ့နိုင်ငံရေးကိုကစား ခဲ့တာလေ။မြန်မာတွေရန်မဖြစ်ရဲတာမဟုတ်ဘူးရန်မဖြစ်ချင်တာ။

ကျွန်တော်တို့မြန်မာတွေဟာ တရုတ်ကို လုံးဝမကြောက်ခဲ့ဘူးဆိုတာနဲ့ ပတ်သက် ပြီးခိုင်မာတဲ့သမိုင်းသာဓကတစ်ခုကို ဘဘ ရဲ့ အတွေ့အကြုံအရပြောပြပေးပါလား။
မြန်မာစာပေမှာ ကာချင်းဆိုတာရှိတယ်။ အဲဒါဟာ တရုတ်ကို မြန်မာတွေ လုံးဝမကြောက်ဘူးဆိုတဲ့ ခိုင်မာတဲ့သာဓကပဲ။ ဘာလို့ဆိုတော့ ပုဂံခေတ်မှာ တရုတ်တွေ မြန်မာပြည်ကို ရန်စကျူးကျော်တဲ့အခါ မြန်မာတွေအနေနဲ့ စည်းစည်း လုံးလုံးတစ်ယောက်ကိုတစ်ယောက် ညီရင်းအစ်ကိုစိတ်နဲ့ ဖေးမအားပေးရင်းကနေ ဇာတိမာန်တက်စေမယ့် စစ်သီချင်းတွေ ရေးစပ်သီဆိုကြရာကနေ ကာချင်းဆို တာပေါ်လာတာ။ မြန်မာစာပေမှာရှိနေတဲ့ ကာချင်းဆိုတာဟာ မြန်မာတွေ တရုတ်ကိုဘယ်တော့မှ မကြောက်ဘူးဆိုတဲ့ ခိုင်မာတဲ့သာဓကပဲ။ အဲဒီတုန်းက တရုတ်တွေနဲ့ ရန်စကျူးကျော်မှုကို ပြန်တော်လှန်ဖို့ မြန်မာ့စစ်သည်တော်တွေရဲ့ စိတ်ဓာတ်အားမာန် မျိုးချစ်စိတ်ဇာတိမာန်တွေကို ဖြည့်ပေးဖို့ စစ်ချီတေးတွေစပ်ခဲ့ရာကနေ ကာချင်းဆိုတာဖြစ်လာတာပဲလေ။ မြန်မာတွေ တရုတ်ကိုမကြောက်ဘူးဆိုတာ သမိုင်းနဲ့ ချီတဲ့ သက်သေသာဓကတွေရှိနေပါတယ်။  သမိုင်းကိုသေသေချာချာမလေ့လာလာ သူတွေပဲမသိတာ။

တရုတ်နိုင်ငံအနေနဲ့ရောမြန်မာနိုင်ငံရဲ့ အရေးကိစ္စကြီးငယ်တွေမှာ ရပ်တည်ကူညီပေးခဲ့တာ၊ ဦးအောင်မင်းပြောသလို ကယ်တင်ပေးခဲ့တာမျိုးရောရှိပါသလား ဘဘ။
သူပြောတဲ့စကားတွေဖြစ်တဲ့ “တရုတ် ကိုကြောက်ရပါတယ်။ တရုတ်ကယ်တင်ခဲ့ပါတယ်” ဆိုတဲ့စကားတွေကိုကြည့်ရင် ကျွန်တော်တို့ကပဲ တရုတ်ကိုပြန်ပြီးထိုင်ကန်တော့ရမယ့် ပုံစံပေါက်နေပြီ။ တကယ်တမ်းသမိုင်းကိုပြန်ကြည့်ရင် အဖြေပေါ်တာပဲ။ တရုတ်က မြန်မာပြည်ကိုကယ်ခဲ့တာလား။ ဒါမှမဟုတ်မြန်မာ့နိုင်ငံရေးကို ကစားခဲ့တာလား ရှင်းနေတာပဲ။ ဆိုပါစို့။ ကွန်မြူနစ်တွေ တိုင်းပြည်ကို ထိုးစစ်တွေလုပ်မယ်။ ဆူပူမှုတွေဖြစ်အောင်လုပ်မယ် နောက် မြန်မာပြည်နိုင်ငံရေးကိုပျက်ပြား အောင်လုပ်မယ်ဆိုတော့ အဲဒီကွန်မြူနစ် တွေကို အဲသလိုလုပ်နိုင်ဖို့ ထောက်ပံ့ပေးတာဘယ်သူလည်း တရုတ်ပဲ။ နောက်အဲဒီ  ကွန်မြူနစ်တွေအခြေအနေဟန်ပုံမရတော့   တရုတ်က အဲဒီတုန်းက စစ်အာဏာရှင်တွေကို ပြန်ထောက်ပံ့တယ်။ သူတို့ပြောနေတဲ့  တရုတ်က ကယ်ခဲ့ပါတယ်ဆိုတဲ့ စကားတွေဟာ သူတို့အမြင်သူတို့ရှုထောင့်ကနေပြောနေတာ ပြည်သူရဲ့အမြင် ရှုထောင့်  ကနေပြီးတော့ ပြောနေတာမဟုတ်ဘူး။ ခေါင်းဆောင်ဆိုတာ ဘာပြောပြော၊ ဘာပဲလုပ်လုပ်ပြည်သူရဲ့ ရှုထောင်မျိုးက နေပြောရတယ်၊ လုပ်ရတယ်။ ဒါမှခေါင်း ဆောင်ပီသမှာ
ဦးအောင်မင်းပြောခဲ့တဲ့ တရုတ်ကိုရန်မဖြစ်ရဲဘူး။ ကြောက်ရပါတယ်”ဆိုတဲ့စကားဟာ   ရဲစွမ်းသတိ္တအပြည့်ရှိတဲ့ မြန်မာတွေရဲ့မျိုး ချစ်စိတ်သိက္ခာနဲ့ မာန်မာနအပေါ်ဘယ်လို  သက်ရောက်မှုရှိနိုင်ပါသလဲ။
ကျွန်တော်တို့မြန်မာတွေက သူပြောသလို တရုတ်ကိုဘယ်တော့မှမကြောက်ဘူး။ ဒါပေမဲ့ တိုင်းပြည်ရဲ့ အကြီးအကဲသမ္မတ ကြီးအနားမှာနေတဲ့ ၀န်ကြီးတစ်ယောက်က ဒီလိုစကားမျိုးပြောလိုက်တာဟာ မြန်မာလူမျိုးတွေရဲ့ ဂုဏ်သိက္ခာ၊ ရဲစွမ်းသတိ္တ၊ မာန်မာနနဲ့ မျိုးချစ်စိတ်ကို ချိုးနှိမ့်  လိုက်တာ။ ရိုက်ချိုးလိုက်တာလို့ပဲ ကျွန်တော် ယူဆတယ်။ ဒီလူရဲ့စကားကြီးက သမိုင်းဖြစ်သွားမှာ ကျွန်တော်တို့မြန်မာတွေ အရင်တုန်းကလည်း တရုတ်ကိုမကြောက်ဘူး၊ ခုလည်းမကြောက်ဘူး၊ နောင်လည်းဘယ်တော့မှ မကြောက်ဘူး၊ သူတို့ပဲကြောက်နေ ရင် တရုတ်ဆီသွားပြီး အလုပ်အကျွေးသွားပြုကြလေ။ မြန်မာတွေကတော့ တရုတ်လုံးဝ မကြောက်ဘူး။ ခုဦးအောင်မင်းပြောတဲ့ စကားက မြန်မာလူမျိုးတွေကို ချိုးနှိမ့်ရာလည်းရောက်သလို မြန်မာပြည်ကြီးကို တရုတ်ကျွန်ဇာတ်သွင်းဖို့ကြိုလမ်းခင်းနေတာလို့ပဲ ယူဆတယ်။

ဘဘခုနက ပြောခဲ့တယ်နော်။ ဦးအောင် မင်းပြောခဲ့စကားသမိုင်းမှာသာ ကျန်ခဲ့မယ်   ဆိုရင်နောင်လာမယ့်မျိုးဆက်တွေနဲ့ ဂုဏ်သိက္ခာအပေါ်မှာဘယ်လိုထိခိုက်နိုင်ပါသလဲ။
သမိုင်းမှာကျန်ကိုကျန်ခဲ့မှာ။ ခုသူရဲ့ စကားကို ဂျာနယ်တွေတော်တော်များများကဖော်ပြကြပြီး ဒါဟာနောင်သမိုင်းဖြစ်လာမှာ နောင်နှစ်နှစ်ဆယ်၊ သုံးဆယ်၊ လေး ဆယ်ပြီးတော့ နောက်ရာချီပြီးနှစ်တွေ ကြာလာတဲ့အခါ တစ်ချိန်က မြန်မာပြည်ကြီးရဲ့ အရေးပါတဲ့ဝန်ကြီးတစ်ပါး၊ သမ္မတရဲ့ လက်ရုံးပုဂ်္ဂိုလ်တစ်ယောက်က တရုတ်ကိုကြောက်ရပါတယ်။ တရုတ်ကိုရန်မဖြစ်ရဲပါဘူး။ တရုတ်ရဲ့ ကျေးဇူးတွေအလွန် ကြီးမားပါတယ်။ တရုတ်ကျေးဇူးတွေ ပြန်ကြည့်ရ ပါမယ်ဆိုတဲ့ စကားတွေဟာ နောင်သမိုင်းမှာသာကျန်ခဲ့ရင် အဲဒီအချိန်မှာရှိနေမယ့် မြန်မာတွေရဲ့ အရှက်တွေ၊ ဂုဏ်သိက္ခာတွေ၊ မာနေတွေကို ရိုက်ချိုး  ချိုးနှိမ်ရာရောက်သွားမှာဖြစ်သလို နိုင်ငံတကာနဲ့ ယှဉ်ရင် လုံးဝခေါင်းမဖော်နိုင် သွားစေမှာအမှန်ပဲ။

နောက်ဆုံးတစ်ခုအနေနဲ့ မြန်မာတွေရဲ့ ဂုဏ်သိက်္ခာကို ရိုက်ချိုးလိုက်တယ်လို့ ဘဘယူဆတဲ့ စကားကိုပြောခဲ့တဲ့သူအပေါ် မှာရော ဘယ်လိုဝေဖန်ချင်ပါသလဲ။
ခုချိန်ဟာ တိုင်းပြည်တည်ဆောက်ရေးကာလဖြစ်နေတဲ့အတွက် ပြည်သူတွေရဲ့ မျိုးချစ်စိတ်ကအရမ်းကိုအရေးပါနေတယ်။ ဒီအချိန်မှာ ပြည်သူတွေရဲ့ မျိုးချစ် စိတ်၊ ဇာတိမာန်ကို ညှိုးစေမယ့်စကားမျိုးတွေကို တာဝန်ရှိသူတွေအနေနဲ့ သတိထားသင့်တယ်။ ခုဦးအောင်မင်းတရုတ်ကို ကြောက်ပါတယ်ဆိုတဲ့စကားမျိုးပြောတယ်။ အဲဒီစကားပြောတဲ့သူက သာမန်  အရာရှိလောက်ဆို ကျွန်တော်မပြောဘူး။  သမ္မတအနားမှာနေတဲ့ ၀န်ကြီးတစ်ပါး။ နောက်သူ့ရဲ့အတွေးအခေါ်အယူအဆ ပြောစကားတွေဟာ သမ္မတရဲ့ အတွေးအခေါ်အယူအဆတွေ ပြောစကားတွေ  လို့တောင်ယူဆလို့ရတာ။ နောက်သူက သမ္မတနားက၀န်ကြီးတွေထဲမှာ အထင်ရှားဆုံးနဲ့ လူသိအများဆုံးလူလေ။ အဲသလိုမျိုး သမ္မတရဲ့ လက်ရုံးတစ်ယောက် နိုင်ငံတော်သမ္မတရဲ့ အသံကိုထင်ဟပ်ပြောဆိုနေတဲ့ ပုဂ်္ဂိုလ်တစ်ယောက်က ဒီလိုစကား မျိုးတွေကို လုံးဝလုံးဝကို မပြောသင့်ပါ ဘူး။ သေသေချာချာစဉ်းစားချင့်ချိန်ပြီးမှ ပြောသင့်ပါတယ်။ ကျွန်တော်ကတော့ ဒီလိုပဲမြင်ပါတယ်။
ဟုတ်ကဲ့ဘဘ ခုလိုဖြေကြားပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။


ခန့်ခန့်(ဒဿနိက)

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)