Wednesday, February 20, 2013

နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်များ ပေါ်ပေါက်လာရေး အတွက် အကြိုညှိနှိုင်းမှုအဖြစ် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် UNFC တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံ

Wednesday, 20 February 2013  

2.20.5
ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းရင်းသား အဖွဲ့အစည်းများ နိုင်ငံရေး ဆွေးနွေးရာတွင် အခြေခံသင့်သည့် မူဘောင်များ ပေါ်ပေါက်လာရေးအတွက် အကြိုညှိနှိုင်းမှုအဖြစ် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တို့သည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီအချိန်မှ စတင်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Holiday Inn တွင် ဆွေးနွေးမှုများ စတင်ပြုလုပ်လျက် ရှိနေပါသည်။

ထိုသို့ ဆွေးနွေးရာတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ကို သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဦးဆောင်ခဲ့ပြီး အခြား ပြည်ထောင်စု ၀န်ကြီးများ ဖြစ်သည့် ဦးခင်ရီ၊ ဦးအုန်းမြင့်တို့ အပြင် ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဦးတင်မောင်သန်း၊ ဦးလှမောင်ရွှေ၊ ဒေါက်တာ ကျော်ရင်လှိုင်၊ ဦးကျော်စိုးလှိုင်၊ ဒေါက်တာ မင်းဇော်ဦး၊ ဦးညိုအုန်းမြင့်နှင့် ဦးဝေဖြိုးကျော် အစရှိသူတို့ ပါဝင်ခဲ့ကြသည်။

UNFC ၏ ကိုယ်စားလှယ်အဖွဲ့ကို နိုင်ဟံသာ (UNFC ၏ အထွေထွေ အတွင်းရေးမှူးနှင့် NMSP) က ဦးဆောင်ခဲ့ပြီး ဒုတိယ အဖွဲ့ခေါင်းဆောင်အဖြစ် ဒေါက်တာ လဂျာ(KIO)၊ အဖွဲ့ဝင်များအဖြစ် ဖဒို ဒေါ့လေးမူ (KNU)၊ ဦးအောင်ဆန်းမြင့်(KNPP) ၊ ခူဦးရယ်(KNPP)၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ (PNLO)၊ ဒေါက်တာ ခင်မောင်(ANC-NUP)၊ တာအိုက်ဖုန်း(PSLF)၊ ဒုတိယ ဗိုလ်မှူးကြီး ဆင်ဝါ(KIA)၊ ဗိုလ်မှူးကြီး ဆော်လမွန် (LDU) အစရှိသဖြင့် စုစုပေါင်း (၁၂) ဦး ပါဝင်ခဲ့ပါသည်။

"နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်တဲ့အခါ ချမှတ်ရမယ့် အခြေခံ မူဘောင်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမှာပါ"ဟု UNFC ၏ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် Eleven Media Group သို့ ပြောပါသည်။

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် UNFC တို့သည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းက ပထမအကြိမ် တွေ့ဆုံထားခဲ့သည်။ ထိုသို့ တွေ့ဆုံစဉ် အချိန်က UNFC မှ ချမှတ်ထားသော ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေး လုပ်ငန်းစဉ် (၆) ရပ်ကို ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
2.20.5
"ကျွန်တော်တို့က မူအနေ ၆ ချက်ကို ကိုင်ထားတယ်။ ဒါပေမဲ့ အဲတာကို တရားသေ ကိုင်ထားတာမျိုး မဟုတ်ဘူး။ အတိုးအလျော့ လုပ်နိုင်ဖို့ အစိုးရအဖွဲ့နဲ့ ညှိနှိုင်းပြီး လုပ်သွားမှာ ဖြစ်ပါတယ်။ အခုတစ်ကြိမ်မှာလည်း အဲတာတွေကို ဆွေးနွေးမှာပါ” ဟု နိုင်ဟံသာက ဆက်လက် ပြောကြားခဲ့ပါသည်။
ယခုပြုလုပ်နေသော ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော UNFC ကိုယ်စားလှယ်အဖွဲ့တွင် ချင်းအမျိုးသား တပ်ဦး (CNF) နှင့် "၀" အမျိုးသား အဖွဲ့ချုပ် (WNO) တို့မှ လွဲ၍ ကျန်အဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲ၌ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွားမှု၊ ရှမ်းပြည်နယ် အတွင်း တပ်မတော်နှင့် SSPP/SSA တပ်များအကြား ဖြစ်ပွားနေသော တိုက်ပွဲ ဖြစ်မှုများကို ဆွေးနွေးမည် ဖြစ်သော်လည်း ယေဘုယျ အနေဖြင့်သာ ဆွေးနွေးမည်ဟု နိုင်ဟံသာက ပြောသည်။

"အသေးစိတ်တော့ ပြောလို့ မရသေးပါဘူး။ ဆွေးနွေးပွဲ အခြေအနေ ကောင်းပါတယ်။ ၇၀ ရာခိုင်နှုန်းလောက် အောင်မြင်တယ်လို့ နိုင်ပါတယ်”ဟု UNFC ၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာ (PNLO) ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် သတင်းထောက်များကို ပြောပါသည်။
ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် UNFC တို့၏ ချင်းမိုင် ဆွေးနွေးပွဲကို နီပွန်ဖောင်ဒေးရှင်းမှ ကမကထ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပြီး မီဒီယာများ သတင်းရယူခွင့်ကို နီပွန်ဖောင်ဒေးရှင်းမှ တားမြစ်ခဲ့သည့် အပြင် ဆွေးနွေးပွဲ တက်ရောက်လာသူ ကိုယ်စားလှယ်များနှင့် မီဒီယာများ တွေ့ဆုံခြင်း မပြုရန်လည်း သတိပေးမှုများ လုပ်ဆောင်ခဲ့ပါသည်။

ဆွေးနွေးပွဲကို ဆက်လက် ကျင်းပနေပြီး ညနေ ၅ နာရီ ခန့်အချိန်တွင် ပြီးဆုံးနိုင်ဖွယ် ရှိကြောင်း သိရသည်။
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော UNFC ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းက အဖွဲ့ ၁၁ ဖွဲ့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။ထိုသို့ ပြန်လည် ဖွဲ့စည်းလိုက်သော UNFC တွင် ကရင် အမျိုးသား အစည်းအရုံး (KNU) ၊ မွန်ပြည်သစ်ပါတီ( MNSP)၊ ကချင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့(KIO)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ချင်းအမျိုးသား တပ်ဦး (CNF) ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) ၊ ပအိုဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ရခိုင် အမျိုးသား ကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ (LDU) နှင့် '၀' အမျိုးသား အဖွဲ့ချုပ် (WNO) တို့ ပါဝင်ခဲ့ကြပါသည်။
Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)