Monday, June 24, 2013

အီတာလျံ-ထိုင်းကို ပထမဆုံး တရားစွဲရန် ရေဖြူ ဒေသခံတဦး စီစဉ်


တနင်္သာရီတိုင်း၊ ထားဝယ်မှ ထိုင်းနိုင်ငံ၊ ကန်ချနပူရီသို့ လမ်းမကြီး ဖောက်လုပ်ခြင်းကြောင့် ထိခိုက်နစ်နာမှုများ အတွက် ထိုင်းဆောက်လုပ်ရေး ကုမ္ပဏီ အီတာလျံ-ထိုင်း (ITD) ကို ပထမဆုံး အကြိမ်အဖြစ် ရေဖြူမြို့နယ်
ဒေသခံတဦးက တရားစွဲဆိုရန် စီစဉ်နေကြောင်း ထားဝယ် စောင့်ကြည့်ရေးအဖွဲ့မှတဆင့် သိရသည်။
ရေဖြူမြို့နယ်၊ တလိုင်းယာ ကျေးရွာအုပ်စု ဧရိယာအတွင်းရှိ ကြေးတိုင်ပြင် ကွင်းအမှတ် 9.SSO ဦးပိုင်အမှတ် လ.၆၃၃ ဥယျာဉ်ခြံမြေကို ဖြတ်သန်းကာ ထားဝယ်-ကန်ချနပူရီ လမ်းကို ဖောက်လုပ်ခြင်းကြောင့် နှစ်ရှည်ပင်များ ပျက်စီးခြင်း၊ ချောင်းငယ်များ ပိတ်မိခြင်း၊ မိုးရာသီတွင် ရေဝပ်ပြီး အပင်များ ပျက်စီးခြင်းတို့ ကြုံတွေ့နေရသည်ဟု တရားစွဲဆိုမည့် ရေဖြူမြို့နယ်မှ ဥယျာဉ်ခြံပိုင်ရှင် ဦးဝင်းလွင်ဦးက ပြောသည်။

“အီတာလျံ-ထိုင်းရုံးကို သွားပြီး ပြောတာ နှစ်ကြိမ်ရှိပြီ။ ဘာမှ အရေးတယူ မရှိဘူး။ နေ့ရွှေ့ ညရွှေ့ပဲ လုပ်နေတယ်။ ဒါကြောင့် လမ်းဖောက်တဲ့ တာဝန်ခံ အင်ဂျင်နီယာကို တရားစွဲမယ်” ဟု ၎င်းက ပြောသည်။

ထိုင်းကုမ္ပဏီများကြောင့် ထိခိုက်နစ်နာရမှုများကို အချက်အလက် အခိုင်အမာဖြင့် တင်ပြလျှင် ထိုင်း အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ထိုင်း ကုမ္ပဏီကိုသာမက ထိုင်းအစိုးရကိုပါ တရားစွဲနိုင်ကြောင်း ယင်း
ကော်မရှင်၏ စီမံခန့်ခွဲမှု ဒါရိုက်တာ နီရင် ပီတက်ဝချရာ က ထားဝယ် ဒေသခံများနှင့် ဇွန်လ ၉ ရက်နေ့က
တွေ့ဆုံစဉ် ပြောကြားခဲ့ပြီးနောက် ပထမဆုံးအနေနှင့် ဒေသခံတဦးက ထိုင်းအကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီကို တရားစွဲဆိုရန် စီစဉ်လာခြင်း ဖြစ်သည်။

ဦးဝင်းလွင်ဦး မှာ ITD က ဖောက်လုပ်ထားသည့် လမ်းကြောင့် ဥယျာဉ်ခြံ ၂ ဧက ကျော် ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

၂၀၁၂ခုနှစ်တွင် တလိုင်းယာ ကျေးရွာအုပ်စု ဧရိယာအတွင်း ITD ကုမ္ပဏီမှ ဖောက်လုပ်သည့် လမ်းပိုင်းတနေရာ
ဖြစ်သည့် ၂၁ ကီလိုမီတာမှ ၃၈ ကီလိုမီတာ အကြား လမ်းအူကြောင်း ဖောက်လုပ်ရာမှ ဥယျာဉ်ခြံ ထိခိုက်သူများ ကို လျော်ကြေးပေးရာတွင် သဘောတူညီမှု မရှိခဲ့သူ ဦးဝင်လွင်ဦး အပါအဝင် ၁၄ ဦးရှိခဲ့သည်ဟု ခုံသမာဓိအဖွဲ့သို့ ဥယျာဉ်ခြံရှင်များ တင်ပြထားသော စာအရ သိရသည်။

တရားစွဲဆိုနိုင်ရန် ဇွန်လ ၂၁ ရက်နေ့တွင် ရေဖြူမြို့နယ် ရဲတပ်ဖွဲ့စခန်းကို သွားရောက် တိုင်ကြားခဲ့ပြီး လာမည့် သီတင်းပတ်တွင် တရားရုံးနှင့် တိုင်ပင်ကာ အမှုတည်ဆောက်မည်ဟု သိရသည်။

ထားဝယ်-ကန်ချနပူရီလမ်း  ၃၅ ကီလိုမီတာ အနီးရှိ ခြံဧရိယာကို ဖြတ်ဖောက်ထားသည့် လမ်းအူကြောင်း နှစ်နေရာ အား ဇွန်လ ၁၈ ရက်နေ့တွင် ခြံစည်းရိုး ခတ်ထားခဲ့သော်လည်း ITD ကုမ္ပဏီက ခြံစည်းရိုးအား ဖယ်ရှားခဲ့ကြောင်း ဦးဝင်းလွင်ဦး က ပြောသည်။

၎င်းပိုင် ဥယျာဉ်ခြံ ၃၅ ဧက ဝန်းကျင်တွင် ရာဘာပင်နှင့် ကွမ်းသီးပင်များကို ၂၀၀၆-၂၀၀၇ ခုနှစ်မှ စတင် စိုက်ပျိုးထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Source: http://www.mizzimaburmese.com/news/inside-burma/12192-2013-06-23-11-49-25.html
Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)