Tuesday, October 1, 2013

တပ်မတော် စစ်ကြောင်းများ ရုပ်သိမ်းရန် တိုင်းရင်းသား လက်နက်ကိုင်လေးဖွဲ့ တောင်းဆို

Monday, September 30, 2013 ရန်ကုန်၊ စက်တင်ဘာ ၂၉

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ နယ်မြေများအတွင်း သွားလာနေသော တပ်မတော် စစ်ကြောင်းများကို ရုပ်သိမ်းပေးရေး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းလေးဖွဲ့က အစိုးရထံ တောင်းဆိုထားကြောင်း DKBA ဗိုလ်မှူးကြီး စောစန်းအောင်က ပြောကြားသည်။

စက်တင်ဘာ ၂၈ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် လေးဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ တွေ့ဆုံပွဲတွင် ယင်းသို့ တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ဆွေးနွေးပွဲကို ကရင် အမျိုးသား အစည်းအရုံး KNU၊ DKBA၊ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီနှင့် မွန်ပြည်သစ်ပါတီတို့ တက်ရောက်ခဲ့ကြောင်း ၎င်းကဆိုသည်။

အောက်တိုဘာလအတွင်း အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးနိုင်ရန် အတွက် ယုံကြည်မှု တည်ဆောက်နိုင်ရေး တိုင်းရင်းသား နယ်မြေအတွင်းရှိ တပ်ဆွယ်များကို မိခင်တပ်မ ရှိရာသို့ ပြန်လည် ဆုတ်ခွာပေးရန် လိုအပ်ကြောင်း ဗိုလ်မှူးကြီး စောစန်းအောင်က ပြောကြားသည်။
“တိုင်းရင်းသား ပြည်သူတွေရဲ့ ယုံကြည်မှုတွေရဖို့ အရေးကြီးပါတယ်” ဟု ၎င်းကဆိုသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး အတွက် ပြည်ထောင်စု
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တစ်ခုတည်းသာမက တပ်မတော်၏ သဘောထားမှာ အလွန်အရေးကြီးသော အချိန်အခါ ဖြစ်နေကြောင်း Institute For Peace and Social Justice မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာသောင်းထွန်းက ပြောကြားသည်။
“အင်အားကြီးတဲ့သူက ပိုပြီးသဘောထားကြီးရမယ့်အချိန် ရောက်နေပြီ” ဟု ၎င်းကဆိုသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်ရန် NLD အဖွဲ့သည် စက်တင်ဘာလ ၂၈ ရက်နေ့တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

တိုင်းရင်းသားပေါင်းစုံ ပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲ အတွက် အောက်တိုဘာလ ပထမပတ်အတွင်း နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း အစိုးရအဖွဲ့က ထုတ်ပြန် ကြေညာထားသည်။
Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)