Friday, April 11, 2014

သမီးကလေးရွာသားတွေအတွက် ဒေါက်တာစင်သီယာမောင် ဆေးခန်းဖွင့်လှစ် ကူညီ

သမီးကလေးရွာသားတွေအတွက် ဒေါက်တာစင်သီယာမောင် ဆေးခန်းဖွင့်လှစ် ကူညီ


သမီးကလေးကျေးရွာကနေ အဓမ္မရွှေ့ပြောင်းခံခဲ့ရတဲ့ ရွာသားတွေအတွက် နယ်စပ်နေ ပြည်သူတွေကို ကူညီပေးနေတဲ့ ဒေါက်တာစင်သီယာမောင်က ယာယီဆေးခန်း ဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးနေပါတယ်။

နေအိမ်တွေ ဖျက်ဆီးခံလိုက်ရတဲ့ လှည်းကူးမြို့နယ် သမီးကလေးကျေးရွာက ဒေသခံတွေကို ဒီကေဘီအေ ကရင်လက်နက်ကိုင်တပ်ဖွဲ့က မြ၀တီကျောက်ခတ်ကျေးရွာမှာ နေစရာပေးခဲ့ပြီးနောက် ရွာသားတွေရဲ့ ကျန်းမာရေးနဲ့ စားဝတ်နေရေးအတွက် ပြင်ပအကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

လတ်တလော ကျန်းမာရေးအကူအညီအတွက် ဒေါက်တာစင်သီယာမောင်က ယာယီ ဆေးခန်း ဖွင့်လှစ် ကူညီပေးနေတဲ့အကြောင်း ပြောင်းရွှေ့ခိုင်းခံထားရတဲ့ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းထိုင် ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ပါတယ်။

ကျောက်ခတ်ကျေးရွာမှာ လက်ရှိ အိမ်ခြေ ၈၀ ကျော်ရှိပြီး နောက်ထပ်ပြောင်းလာတဲ့သူက ၂၀၀ ကျော်လောက် ရှိနေတာ ဖြစ်ပါတယ်။

ပိုမို တိုးပွားလာတဲ့လူဦးရေကြောင့် ကျေးရွာလူထုရဲ့ ကျန်းမာရေးကို အစိုးရက ကူညီ ဆောင်ရွက်ပေးသင့်တယ်လို့ ကျောက်ခက်ရွာသား ရပ်မိရပ်ဖတဦးက ပြောပါတယ်။

အစိုးရက ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်းမှာ ရှိတဲ့နေအိမ်တွေ ဖျက်ဆီးလိုက်တဲ့ အတွက် သမီးကလေးကျေးရွာ၊ အင်းပတီးကျေးရွာနဲ့ ထော်ကာလီကျေးရွာက အိမ်ထောင်စု ၉၀ ကျော်ကို ဒီကေဘီအေက နယ်စပ်မြို့ဖြစ်တဲ့ မြ၀တီမြို့နယ် မြိုင်သာယာကျောက်ခတ်ကျေးရွာမှာ ဧပြီ ၅ ရက်နေ့က နေစရာပေးခဲ့တာ ဖြစ်ပါတယ်။
ကျောက်ခတ်ကျေးရွာမှာ လာရောက်နေထိုင်သူအများစုဟာ ကြုံရာကျပန်း လုပ်ကိုင် စားသောက်နေရသူတွေ ဖြစ်ပါတယ်။

ဒီကေဘီအေတပ်ဖွဲ့က ဗိုလ်မှူးစောဆန်းအောင်ကတော့ မြန်မာနိုင်ငံအတွင်း အိမ်ရာအဖျက်ခံလိုက်ရလို့ နေစရာ ဒုက္ခရောက်နေတဲ့ ဘယ်တိုင်းရင်းသားမဆို ဆက်လက် အကူအညီ ပေးသွားမယ်လို့ ပြောပါတယ်။

By မျိုးဇော်လင်း (ဒီဗွီဘီ)

အသံဖိုင် နားဆင်ရန်



ဓာတ်ပုံ - မျိုးဇော်လင်း

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)