နှစ်ပေါင်း သုံးဆယ်ကျော်အတွင်း တစ်ကျော့ပြန်လာသည့် သန်းခေါင်စာရင်း ကောက်ယူမှုတွင် နေရာအချို့တွင် ကောက်၍မရခြင်း၊ အချက်အလက် အချို့ မှားယွင်းစွာ ကောက်ယူခြင်း၊ နေရာအချို့တွင် သန်းခေါင်စာရင်း အကောက်မခံဘဲ ဆန္ဒပြခြင်းတို့နှင့် ကြုံတွေ့နေရသည်။
မတ်လ ၂ ရက်နေ့အထိ လေးရက်ကြာ ကောက်ယူရာတွင် အိမ်ထောင်စုပေါင်း ၂,၀၃၅,၀၀၁ စုကို ကောက်ယူပြီးပြီ ဖြစ်ကြောင်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင်က ထုတ်ပြန်ထားသည်။ သန်းခေါင်စာရင်းကို စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၁၁၁,၂၅၄ ဦး အသုံးပြု၍ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ ကောက်ယူနေသည်။
သန်းခေါင်စာရင်း ကောက်ယူရန် မတ်လ ၂၉ ရက်နေ့ ညသန်းခေါင်ယံကို ရည်ညွှန်းချိန်အဖြစ် သတ်မှတ်ထားပြီး ရည်ညွန်းချိန်တွင် မြန်မာနိုင်ငံ နယ်နိမိတ်တွင်ရှိသူ အားလုံးကို သန်းခေါင်စာရင်းတွင် ထည့်သွင်း ကောက်ယူမည် ဖြစ်ကာ ရည်ညွန်းချိန် နောက်ပိုင်းတွင် မွေးဖွားသူများကို ထည့်သွင်းကောက်ယူမည် မဟုတ်ပေ။ သန်းခေါင်စာရင်း ကောက်ရာတွင်လည်း မတ်လ ၂၉ ရက်နေ့ညတွင် ရှိနေခဲ့သည့် နေရာတွင် စာရင်းသွင်း ကောက်ယူနေခြင်း ဖြစ်သည်။
အနောက်ခြမ်းက ပြဿနာ
ရခိုင်ပြည်နယ်၌ သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးအမည်၌ ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မရဟုဆိုကာ ဘင်္ဂါလီများက သန်းခေါင်စာရင်း အကောက်မခံဘဲ ဆန္ဒပြနေကြသည်။
ဘင်္ဂါလီနေအိမ်များတွင် “ရိုဟင်ဂျာ လက်ခံမှ စစ်ဆေးခံမည်”၊ “၇၈၆ ကိုးကွယ်သည့်ဘာသာ အစ္စလာမ်၊ လူမျိုး ရိုဟင်ဂျာ ၉၁၄” စသည့် စာသား ရေးသားထားသော စာရွက်များကပ်ကာ သန်းခေါင်စာရင်းကို ဆန္ဒပြနေကြကြောင်း စာရင်းကောက်များထံမှ သိရှိရသည်။
“ဘာလူမျိုးလဲလို့ မေးတယ်။ ရိုဟင်ဂျာလို့ ဖြေရင် ကျေးဇူးတင်ပါတယ်လို့ ပြောပြီး ပြန်ထွက်လာခဲ့တယ်” ဟု မောင်တောမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူနေသည့် စာရင်းကောက် ကျောင်းဆရာမတစ်ဦးက ပြောကြားသည်။
သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့်ပြု၍ ရခိုင်ပြည်နယ်တွင် လမ်းလျှောက်ဆန္ဒပြမှု၊ နေအိမ်၊ အဆောက်အအုံများတွင် သာသနာ့အလံ လွှင့်ထူသည့်အပြင် “သန်းခေါင်စာရင်းကို ဤအိမ်မှ သပိတ်မှောက်ပါသဖြင့် စာရင်းလုံးဝ (လုံးဝ) မကောက်ပါနှင့်” စာသားပါသည့် စာရွက်များကို နေအိမ်များတွင် ကပ်ကာ သပိတ်မှောက်ခဲ့ကြသည်။
ယင်းသို့ သပိတ်မှောက်နေ၍ သန်းခေါင်စာရင်း စတင် ကောက်ယူသည့် မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံကြောင်း ပြည်နယ်အစိုးရက တရားဝင် စာထုတ်ပြန်လိုက်သဖြင့် သပိတ်လှန်ခဲ့ကြသည်။ ယင်းနေ့တွင်ပင် ဘင်္ဂါလီများ စတင်ဆန္ဒပြကြခြင်း ဖြစ်သည်။
ဘူးသီးတောင်မြို့နယ်၌ ဘင်္ဂါလီများ နေထိုင်သည့် ကျေးရွာခြောက်ရွာကို သန်းခေါင်စာရင်း ကောက်ယူရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးနှင့် လူ ၁၀ ဦးရှိသည့် မိသားစု တစ်ခုကသာ ဘင်္ဂါလီဟု သန်းခေါင်စာရင်း အကောက်ခံခဲ့ကြောင်း ဘူးသီးတောင်မြို့နယ်မှ စာရင်းကောက် ကျောင်းဆရာတစ်ဦးက ဆိုသည်။
အလားတူ စစ်တွေ အပါအဝင် ဘင်္ဂါလီများ နေထိုင်သည့် ကျေးရွာများတွင် ရိုဟင်ဂျာ ထည့်ခွင့်မရသဖြင့် ဆန္ဒပြမှုများ ဖြစ်ပွားလျက် ရှိသည်။
“စာရင်းကောက်တွေက ရိုဟင်ဂျာလို့ အထက်က ထည့်ခွင့်မပြုထားဘူးလို့ ပြောတယ်။ ရိုဟင်ဂျာလို့ ထည့်ခွင့်မရလို့ အကောက်မခံဘူး” ဟု စစ်တွေမြို့ရှိ ဘင်္ဂါလီများနေထိုင်သည့် အနောက်စံပြကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမောင်မောင်တင်က မတ်လ ၃၀ ရက်နေ့က ပြောကြားသည်။
သန်းခေါင်စာရင်း ကောက်ယူခံရ သူ၏ ဆန္ဒအတိုင်း လူမျိုးအမည်ကို ရေးသွင်းရမည်ဟု အစိုးရက တရားဝင် အသိပေးထားသော်လည်း သန်းခေါင်စာရင်း စတင်ကောက်ယူရာတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မပြုခြင်းမှာ ပြဿနာ ဖြစ်ပွားအောင် လုပ်ဆောင်ရာ ရောက်ကြောင်း စစ်တွေမြို့ရှိ ဘင်္ဂါလီများ နေထိုင်သည့် သဲချောင်းကျေးရွာမှ ဦးမောင်မောင်က ဆိုသည်။
ဘင်္ဂါလီကျေးရွာ၊ ရပ်ကွက်များကို တစ်အိမ်ဝင် တစ်အိမ်ထွက် သန်းခေါင်စာရင်း ကောက်ယူနေပြီး ရိုဟင်ဂျာ ထည့်သွင်းပါက ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရရေးကိုပါ ဆုံးရှုံးမည် ဖြစ်သည်ဟု သန်းခေါင်စာရင်း ကော်မရှင်မှ တာဝန်ရှိသူများက လိုက်လံရှင်းပြနေသော်လည်း ဘင်္ဂါလီများက လက်မခံကြောင်း ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောကြားသည်။ ထိုသို့ မိမိကိုယ် မိမိစိတ်ကြိုက် အမှတ်အသားပြုခံ ကောက်ခံခွင့်မရသည့် ကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုနေကြသည်။
မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေသဖြင့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ဆိုသည့် အသုံးအနှုန်းကို ထည့်သွင်းခွင့် မပြုခြင်းဖြစ်ပြီး ရိုဟင်ဂျာ အသုံးအနှုန်းကို မြန်မာအစိုးရက သန်းခေါင်စာရင်း ကောက်ယူသည့်အခါမှ ငြင်းဆိုခြင်း မဟုတ်ဘဲ ယခင်ပင် ငြင်းပယ်ထားသည့် တရားမဝင် အသုံးအနှုန်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။
၅၀၁ နှင့် သန်းခေါင်စာရင်း
ကေအိုင်အေ ထိန်းချုပ်နယ်မြေများ ဖြစ်သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများ အချို့တွင် သန်းခေါင်စာရင်း ကောက်ယူခြင်းကို ကေအိုင်အေက တားမြစ်သဖြင့် စာရင်းကောက်ယူနိုင်ခြင်း မရှိကြောင်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ထံမှ သိရှိရသည်။
သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးသင်္ကေတနှင့် အခြား အချက်အလက်များ မှားယွင်းဖြည့်သွင်းမှု စသည့် ပြဿနာများ ကြုံတွေ့နေရကြောင်း သန်းခေါင်စာရင်း ကောက်ခံခဲ့ရသူများကို မေးမြန်းချက်အရ သိရှိရသည်။
“ထားဝယ်လို့ ပြောတာကို ၅၀၁ (ဗမာ) ဆိုပြီး မှတ်သွားတယ်။ ထားဝယ် ကုတ်နံပါတ်က ၅၀၂ ဆိုပြီး ထားဝယ်အဖွဲ့တွေ ပြောကြတာတော့ တွေ့တယ်။ ဘာကြောင့် ၅၀၁ မှာ ထည့်ကောက်တာကိုတော့ မမေးလိုက်ရဘူး” ဟု ထားဝယ်တိုင်းရင်းသား ငါးဦးကို ဗမာလူမျိုး သင်္ကေတတွင် မှားယွင်း ဖြည့်သွင်းခံခဲ့ရမှုအပေါ် ထားဝယ်တိုင်းရင်းသူ တစ်ဦးက ဖွင့်ဟသည်။
ကချင်ပြည်နယ် ဗန်းမော်နှင့် အင်းတော်ကြီး ဒေသတို့ရှိ ရှမ်းနီလူမျိုးများကို ရှမ်းနီအဖြစ် သန်းခေါင်စာရင်းတွင် ထည့်သွင်းခွင့်မပြုရန် ကေအိုင်အေက ဖိအားပေး ခြိမ်းခြောက်မှုများ ရှိနေပြီး ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲတွင် ရှိသည့် ရှမ်းနီလူမျိုး သုံးသောင်းကျော်မှာ သန်းခေါင်စာရင်း မကောက်ခံနိုင်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးစောဝင်းထွန်းက ပြောကြားသည်။
တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင် မပါဝင်သဖြင့် ရှမ်းနီလူမျိုးများကို သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးသင်္ကေတ ၉၁၄ ဘေးတွင် ရှမ်းနီဟု မရေးဘဲ ရှမ်းလူမျိုး သင်္ကေတ ၈၀၁ တွင် မှားယွင်း ထည့်သွင်းခဲ့သဖြင့် ပြန်ပြင်ဆင်ခဲ့ရကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ၎င်းကဆိုသည်။
၉၁၄ သင်္ကေတမှာ မြန်မာနိုင်ငံတွင် တရားဝင် သတ်မှတ်ထားသည့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင် မပါဝင်သူနှင့် သင်္ကေတ သတ်မှတ်ချက် မရှိသည့် နိုင်ငံခြားသားများအတွက် သတ်မှတ်ထားခြင်း ဖြစ်သည်။
“စာရင်းကောက်တွေ ကိုယ်တိုင်က ၁၃၅ (တိုင်းရင်းသားလူမျိုး) မပါတဲ့ သူတွေကို ၉၁၄ မှာ ထည့်ပေးရမယ် ဆိုတာ မသိတဲ့အတွက် ဖြေတဲ့အဖြေနဲ့ ထည့်သွင်းကောက်ယူသွားတဲ့ နေရာမှာ မှားယွင်းမှုတွေ ဖြစ်နေတယ်။ နယ်တွေမှာလည်း ပိုတောင်ဖြစ်နိုင်တယ်” ဟု ဦးစောဝင်းထွန်းက ဆိုသည်။
ဇိုမီးလူမျိုးများကို လူမျိုးသင်္ကေတ သီးသန့်မရှိသဖြင့် ၉၁၄ တွင် ထည့်သွင်းမည့် အစီအစဉ်ကို လွှတ်တော် ကိုယ်စားလှယ်အချို့၊ လူပုဂ္ဂိုလ်အချို့ ၉၁၄ တွင် ထည့်ပါက နိုင်ငံခြားသား ဖြစ်သွားမည်ဟု ဟန့်တားမှုများ ရှိနေကြောင်း ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပူကမ်းလျန်က ပြောကြားသည်။ ယင်းနည်းတူ မန္တလေးမြို့ခံ အချို့မှာ လူမျိုး၏ အမည်ကို မေးမြန်းခြင်း မရှိဘဲ ဗမာလူမျိုး၏ ဂဏန်းသင်္ကေတ ၅၀၁ တွင် ထည့်သွင်းခံလိုက်ရကြောင်း ပြောဆိုသည်။
မြိတ်ဒေသ တွင်လည်း သန်းခေါင်စာရင်း ကောက်ယူရာတွင် မြိတ်လူမျိုးဟု ပြောဆိုရာတွင် မြိတ်လူမျိုး၏ တရားဝင် သင်္ကေတ ၅၀၃ သုံးတွင် ဖြည့်သွင်းခြင်း မရှိဘဲ ၅၀၁ တွင်သာ ဖြည့်သွင်းခဲ့ကြကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယင်းကြောင့် နောက်တစ်ရက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးသို့ သွားရောက်ပြောဆိုကာ ပြန်လည် ပြင်ဆင်ခဲ့ရကြောင်း ယင်းတို့က ဆိုသည်။
အလွဲအမှား
စမ်းချောင်းမြို့နယ်ရှိ အမျိုးသမီး ၁၂ ဦး နေထိုင်သည့် အဆောင်တွင် ဧပြီလ ၂ ရက်နေ့က သန်းခေါင်စာရင်း လာရောက် ကောက်ယူရာတွင် လူများသည်ဟု ဆိုကာ သက်ဆိုင်ရာ နေရပ်တွင် သွားရောက် သန်းခေါင်စာရင်း ကောက်ခံကြရန် စာရင်းကောက်က ပြောဆိုခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူ မွန်တိုင်းရင်းသူ ဒေါ်ဝေဝေစိုးက ပြောဆိုသည်။
သန်းခေါင်စာရင်း လာကောက်စဉ် အမျိုးသမီး ၁၂ ဦးအနက် နှစ်ဦးသာ အဆောင်တွင် ရှိနေသဖြင့် လူစုံသည့် အချိန်တွင် လာကောက်ရန် ပြောဆိုသော်လည်း စာရင်းကောက်က လက်မခံဘဲ ၁၂ ဦး အချက်အလက်များကို အဆောင်တွင် ရှိနေသည့် နှစ်ဦးကို မေးမြန်း၍ သန်းခေါင်စာရင်း ကောက်ယူသွားကြောင်း၊ အများစုက အလုပ်ရှိသည်ဟု ဆိုသော်လည်း စာရင်းကောက်က အလုပ်ရှာဆဲဟု ထည့်သွင်းက လွယ်ကူသည်ဟု ဆိုကာ အလုပ်ရှာဖွေဆဲဟု ထည့်သွင်းခိုင်းကြောင်း ၎င်းကဆိုသည်။
“ဘွဲ့ရလား မရလား တစ်အိမ်တည်း နေပေမယ့် Data (အချက်အလက်) အကုန်လုံး ငါဘယ်ရမလဲ။ ငါတို့မြို့က တစ်ယောက်ကိုပဲ ငါသိတယ်။ ကျန်တာတော့ မှန်းပြီးတော့ပဲ ထည့်လိုက်ရတာပေါ့” ဟု ၎င်းကဆိုသည်။
ရန်ကုန်မြို့တော်ကဲ့သို့ တိုင်းရင်းသားနှင့် အခြားလူမျိုး၊ ဘာသာပေါင်းစုံ ရှိသည့် ရောယှက်နေထိုင်နေသည့် နေရာမျိုးတွင် စာရင်းကောက်များ စိတ်ရှည်စွာ သေသေချာချာ ကောက်ယူနိုင်မှသာ အချက်အလက် အမှန်အကန် ရရှိနိုင်မည် ဖြစ်ကြောင်း သန်းခေါင်စာရင်း အကောက်ခံခဲ့ရသူများက သုံးသပ်ကြသည်။
“သန်းခေါင်စာရင်း ရည်ညွန်းချိန်က ၂၉ (မတ်လ) ရက်နေ့လို့ ပြောတယ်။ ဧပြီ ၁ ရက်နေ့မှာ နိုင်ငံခြားက ရောက်လာတဲ့သူကိုလည်း သန်းခေါင်စာရင်းမှာ ထည့်ကောက်သွားတယ်” ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ညှိနှိုင်းရေးမှူး ဒေါ်ခွန်ဂျာ ပြောကြားသည်။
မွတ်ဆလင်များကို သန်းခေါင်စာရင်း ကောက်ယူရာတွင် အချို့နေရာများတွင် လူမျိုးနှင့်ဘာသာကို မေးမြန်းခြင်းမရှိဘဲ ကောက်ယူခြင်း၊ သန်းခေါင်စာရင်းကို တိုက်ရိုက် ကောက်ယူခြင်း မရှိဘဲ သန်းခေါင်စာရင်း ကောက်ယူသည့် တရားဝင်စာရွက် မဟုတ်ဘဲ အုပ်ချုပ်ရေးမှူးရုံးက စီစဉ်ထားသည့် စာရွက်ကို လာပေးကာ ဖြည့်ခိုင်းခြင်း စသည့် ပြဿနာများ ကြုံတွေ့နေရကြောင်း မန္တလေးမြို့ပေါ်တွင် နေထိုင်သော ပသီလူမျိုး ဦးဇော်မင်းထွန်းက ဆိုသည်။ “လူမျိုးနဲ့ဘာသာ မေးမသွားဘူး။ စာရွက်ကို ကြည့်လိုက်တာ့ ၅၀၁ လို့ ထည့်ထားတာ တွေ့တယ်” ဟု ၎င်း၏ မိတ်ဆွေကြုံတွေ့ခဲ့ရမှုကို ဦးဇော်မင်းထွန်းက ပြောဆိုသည်။
အချို့ဆိုပါက ဗမာဟုပြောရုံဖြင့် ဘာသာမမေးဘဲ ဗုဒ္ဓဘာသာဟု ထည့်သွင်းခြင်းများလည်း ကြုံရကြောင်း၊ ၁၃၅ မျိုးထဲတွင် မပါဝင်သူများ ၉၁၄ တွင် ဖြည့်ရာတွင် မည်သည့်လူမျိုး ဖြစ်သည်ကို သင်္ကေတဘေးတွင် ထည့်သွင်းခြင်း မပြုမှုများလည်း ကြုံနေရကြောင်း ၎င်းကဆိုသည်။
အချိန်မီပြင်ပါ
သန်းခေါင်စာရင်း ကောက်ယူရာတွင် အချက်အလက် မှားယွင်းထည့်သွင်း ကောက်ယူခြင်းခံရပါက သန်းခေါင်စာရင်း ကာလအတွင်း ဧပြီလ ၁၀ ရက်နေ့ မတိုင်မီ စာရင်းကောက် ဆရာမထံတွင် သွားရောက်ပြင်ဆင်နိုင်ကြောင်း ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
စာရင်းကောက် ကောက်ယူသည့် သန်းခေါင်စာရင်းကို စာရင်းစစ်က စိစစ်ရပြီး မှားယွင်းမှုများ တွေ့ရှိပါက ပြန်ပြင်ခိုင်းမည် ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းတွင် လူမျိုးသင်္ကေတ တစ်ခုတည်း ထည့်သွင်းခြင်း မဟုတ်ဘဲ သင်္ကေတဘေးတွင် လူမျိုးအမည်ကို စာဖြင့် ရေးသားထားသဖြင့် သင်္ကေတ မှားယွင်း ထည့်သွင်းလာပါက စာရင်းစစ်က စစ်ဆေး၍ ပြင်ဆင်မည် ဖြစ်ကြောင်း ပြည်သူ့အင်အား ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ဆရာမတွေ စာရင်းကောက်ကတည်းက ပြင်နေရပါတယ်။ စိတ်မပူပါနဲ့ စာရင်းကောက် ဆရာမအပြင် စာရင်းစစ်ဆရာမ ရှိပါသေးတယ်” ဟု ၎င်းကဆိုသည်။
ဧပြီလ ၁၀ ရက်နေ့ နောက်ဆုံးနေ့အထိ သန်းခေါင်စာရင်း လာရောက် ကောက်ယူခြင်း မရှိခြင်း၊ သန်းခေါင်စာရင်း ကောက်ယူပြီးစီးကြောင်း သင်္ကေတကတ်ပြား ကပ်ထားခြင်း မရှိပါက ရပ်ကွက်ကျေးရွာအုပ်စု သန်းခေါင်စာရင်းရုံးသို့ သတင်းပို့ရန် လိုအပ်ပြီး ယင်းသို့ ကျန်ရှိခဲ့သော နေအိမ်များတွင် ပြန်လည်ကောက်ယူမည် ဖြစ်ကြောင်း ပြည်သူ့အင်အားဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
သန်းခေါင်စာရင်းနှင့် ပတ်သက်၍ မေးမြန်းနိုင်သော အရေးပေါ် ဖုန်းနံပါတ် မှာ ၁၈၄၀ ဖြစ်သည်။
စိတ်မရှည်ခြင်းများ
သန်းခေါင်စာရင်း ကောက်ယူရာတွင် အကောက်ခံရသည့် ပြည်သူအများစုမှာ သန်းခေါင်စာရင်း ဖြည့်သွင်းရသည့် နည်းစနစ်များကို ပြည်သူများ နားလည်မှု နည်းပါးသဖြင့် အချက်အလက် အမှန်အကန် တိတိကျကျ ရရှိရေးအတွက် စာရင်းကောက်များ၏ လုပ်ဆောင်မှုများမှာ အဓိက အခရာကျသည်။
သန်းခေါင်စာရင်းကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူ၍ လုပ်ကိုင်ခြင်းမရှိဘဲ သန်းခေါင်စာရင်း ကောက်ရာတွင် စိတ်မရှည်ခြင်း၊ ပြီးစလွယ်လုပ်ခြင်း၊ ရရှိသည့် ငွေကြေးနှင့် မတန်ဟု ညည်းညူမှုများ တွေ့ရကြောင်း၊ အချက်အလက် မှန်မှန်ကန်ကန် ရရှိရေးထက် မြန်မြန်ဆန်ဆန် ပြီးရေးကိုသာ ဦးစားပေး လုပ်ဆောင်နေပြီး ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်က အုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။
စာရင်းကောက်အချို့မှာ စိတ်မရှည်သည်ကို တွေ့ရပြီး မွေးဖွားရပ် အရပ်ဒေသတွင် လောင်းလုံးမြို့နယ်ဟု ပြောဆိုရာ စာရင်းကောက်က သင်္ကေတ စာအုပ်အတွင်း အမြန်ရှာဖွေတွေ့သော ရေးမြို့သင်္ကေတ ကိုသာ အလျင်စလို မှားယွင်းစွာ ထည့်သွင်းတော့မည့် ဆဲဆဲအချိန်တွင် ပြန်လည် ပြင်ဆင်ပေးရန် စာရင်းကောက်ကို ပြောဆိုခဲ့ရကြောင်း ဧပြီလ ၂ ရက်နေ့တွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တွင် သန်းခေါင်စာရင်း အကောက်ခံရသူ တစ်ဦးက ဆိုသည်။
စာရင်းကောက် ဆရာမများကို သန်းခေါင်စာရင်း ကောက်ယူရာတွင် အချက်အလက် မှန်မှန်ကန်ကန် ရရှိစေရန် စာတွေ့နှင့် လက်တွေ့သင်ကြားကာ သေသေချာချာ လေ့ကျင်ပေးထားကြောင်း ပြည်သူ့အင်အား ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောဆိုသည်။
သန်းခေါင်စာရင်း ကောက်ယူရရှိသည့် အချက်အလက် ပမာဏစာရင်းကို ယခုနှစ် သြဂုတ်လတွင် ထုတ်ပြန်မည် ဖြစ်ပြီး အပြီးသတ်စာရင်းများကို ၂၀၁၅ ခုနှစ် ပထမ လေးလပတ်တွင် ထုတ်ပြန်မည် ဖြစ်ကြောင်း၊ အချက်အလက်များအပေါ် သုံးသပ်ထားသည့် ရလဒ်များကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ အဆက်မပြတ် ထုတ်ပြန်မည် ဖြစ်ကြောင်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင်က ထုတ်ပြန်ထားသည်။
သန်းခေါင်စာရင်းက မြန်မာနိုင်ငံရှိ လူဦးရေ၊ အသက်အုပ်စုအလိုက် ဦးရေ၊ လုပ်သားအင်အား၊ အလုပ်လက်မဲ့နှုန်း၊ စာတတ်မြောက်မှုနှုန်း၊ လူနေမှု အဆင့်အတန်း၊ အိမ်အကြောင်းအရာနှင့် ပိုင်ဆိုင်မှု၊ မွေးဖွားခြင်းနှင့် သေဆုံးခြင်း၊ ပြည်တွင်း၊ ပြည်ပရွှေ့ပြောင်းခြင်း၊ မိသားစု ပုံသဏ္ဌာန်၊ အသက်မွေးလုပ်ငန်း၊ လူမျိုး၊ ဘာသာ စသည့် အခြေခံအချက်အလက် များကို ရရှိမည် ဖြစ်သည်။
ယင်းအချက်အလက်များသည် နိုင်ငံတော်၏ လက်ရှိနှင့် အနာဂတ် ဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရာတွင် အဓိက အခကျသဖြင့် အချက်အလက် တိတိကျကျ ရရှိရေးမှာ အထူးအရေးကြီးသည်။
သန်းခေါင်စာရင်း ကောက်ယူမှု ငါးရက်မြောက်နေ့အထိ ရခိုင်ပြည်နယ်က ရိုဟင်ဂျာဟု ထည့်သွင်းလိုသည့် ဘင်္ဂါလီများကို စာရင်းကောက်ခံနိုင်ခြင်း၊ ကေအိုင်အို ထိန်းချုပ်ဒေသများတွင် စာရင်းမကောက်နိုင်သေးသည့် အခြေအနေတွင် ရှိနေဆဲ ဖြစ်သည့်အပြင် လူမျိုးသင်္ကေတနှင့် အခြားအချက်အလက်များ မှားယွင်းစွာ ကောက်ယူမှု များရှိနေသဖြင့် အချက်အလက် မှန်မှန်ကန်ကန် ရရှိရေးမှာ မေးခွန်းထုတ်စရာ အခြေအနေ ဖြစ်နေပေသည်။
၅၀၁ ဇာတ်လမ်း၊ စိတ်မရှည်ခြင်းများနှင့် သန်းခေါင်စာရင်း ကောက်ယူခြင်းကား ငါးရက်ခရီး တိုင်ပေပြီ။ နိုင်ငံ၏ မူဝါဒအရပ်ရပ်ကို ချမှတ်ရန် အဓိက အခြေခံရမည့် သန်းခေါင်စာရင်း ကောက်ယူရာတွင် ခြောက်ပြစ်ကင်း သဲလင်စင်တော့ မဖြစ်သေး။ အပြီးသတ် မည်သို့ ဇာတ်ချုပ်မည်ကိုကား အားလုံးက ကြည့်နေသည်။
Written by အောင်မြင့်ထွန်း
The Voice Weekly

No comments:
Post a Comment